MNP - ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပခုက္ကူမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက ဌာနရုံးလုပ်ငန်းကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက်ရှိသည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရေး၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရုံးအဆောက်အဦး လုံခြုံရေးလုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်ကြရေး၊ လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းများ ပြုစုရေးသွင်းရာတွင် အချက်အလက်များ တိကျမှန်ကန်မှုရှိပြီး အချိန်မီပြီးစီးရေးတို့အတွက် ပိုမို ပူးပေါင်း ဆောင် ရွက်ပေးရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးတို့ကို ရှင်းလင်း မှာကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအောင်မျိုးသူနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးတို့က မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်စေရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲပြဿနာများ၊ သတ်မှတ် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများ အခြေအနေတို့ကို အသီးသီး ဆွေးနွေး တင်ပြကြကြောင်း သိရသည်။
သတင်း - ဘာမီသာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment