MNP - ဩဂုတ် ၂၄
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/သူများ အနေဖြင့် စာဖတ်စွမ်းရည် မြင့်မား လာစေရန်၊ စာကြည့်တိုက်တွင် ဝင်ထွက်သွားလာတတ်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားပြီး နိုင်ငံသားကောင်း ရတနာများပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မုန်ဒိန်ရပ်ကွက်၊ အနှိုင်းမဲ့ရင်ခွင် (ဘက) ကျောင်းမှ မူလတန်းအဆင့်ကျောင်းသား/သူ (၂၀)ဦးက ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြသထားသည့် သဘာဝဘေးအန္တရာယ် နံရံကပ်စာစောင်များနှင့် စာအုပ်များကို ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သတင်း - မနောမြေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment