MNP - သြဂုတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး ပြိုင်ပွဲကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်ပြည့်စိုးက ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ရာ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်အဆင့် (၂၃)ကြိမ်မြောက်၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့မှ အဖွဲ့ခေါင်းဆောင်တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကြီးကြပ်ရေး ကော်မတီနာယက မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီနာယက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် (၂၃)ကြိမ်မြောက် ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အ.ထ.က(မိုင်းယု)တွင် လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဗလမင်းထင်ခန်းမ၌ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment