MNP - ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ်စု ဝါကုန်းကျေးရွာတွင် ဒေသခံပြည်သူများ၏ စိုက်ပျိုးသီးနှံများကို လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးရွာကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သန်း (၁၀၀) ကျော်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ဝါကုန်းကျေးရွာ ကုန်ထုတ်လမ်းကို အရှည်(၁/၄)မိုင်၊ အကျယ်(၁၂)ပေ၊ အမြင့်(၂)ပေ (၉)လက်မ ဖြင့် မြေသား + ဂဝံမြေခြင်းနှင့် လမ်းအရှည်အတွင်း Box Culvert(၄)စင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ဘဏ္ဍာရန်ပုံငွေ (၁၀၇.၃၅)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ လမ်းလုပ်ငန်းကို မြိတ်တော်ဝင်ပုလဲကုမ္ပဏီမှ တာဝန်ယူ၍ ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကုန်ထုတ်လမ်းတွေကို ဌာနအနေနဲ့လျာထားတဲ့အခါမှာ အကျိုးပြုပမာဏ လယ်ယာ၊ သားငါး၊ စိုက်ပျိုးရေး ထုတ်ကုန်ဧရိယာ ဘယ် လောက်ရှိမလဲ။ ဖြတ်သန်းသွားလာကြမယ့် လူ/ယာဉ်/စက်/ ယန္တယား/စိုက်ပျိုး မွေးမြူ ရေးဧက၊ စီးပွားရေးတွက်ခြေကိုက်မှုအခြေအနေ၊ မြေနေရာရရှိနိုင် မယ့်အခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ခြေရှိမရှိ၊ လူမှုထိခိုက်နိုင်ခြေရှိမရှိတို့ အားစိစစ်၍ ဦးစားပေးအလိုက်နှစ်အလိုက် လျာထားဆောင်ရွက် လျက်ရှိပါတယ်”ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက ပြောသည်။
ကျေးရွာကုန်ထုတ်လမ်း တည်ဆောက်ရေးလုပ်ငန်းသည် လက်ရှိအချိန်တွင် (၃၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ဒီဇင်ဘာလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာကုန်ထုတ်လမ်းပြီးစီးခဲ့ပါက ၎င်းကျေးရွာရှိ ဒေသခံပြည်သူ များ၏ ဧက (၁၅၅၀)ရှိ နှစ်ရှည်သီးနှံ ကွမ်းသီးနှင့် ရာဘာများကို ယခင်ကထက် ပိုမိုမြန်ဆန်စွာ ဈေးကွက်သို့ တင်ပို့ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment