MNP - ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုဖြင့် ဆီထွက်သီးနှံ ဖူလုံစွာစားသုံးနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှုနှင့်အညီ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရန်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကောင်းဘို့ကျေးရွာအုပ်၊ တောယား ကျေးရွာအတွင်းရှိ နေကြာမျိုးစေ့ထုတ် စံပြစိုက်ခင်းအား တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်နှင့် ခရိုင်ဦးစီးမှူးဦးလှငြိမ်းတို့က ကောင်းဘို့ကျေးရွာအုပ်၊ တောယားကျေးရွာ၊ တောင်သူ ဦးစိုင်းမြင့်အောင်၏ ( ၈ ဒသမ ၅၀) ဧကရှိ နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကောင်းဘို့ ကျေးရွာအုပ်စုအတွင်းရှိ နေကြာမျိုးစေ့ထုတ်တောင်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံမှုရရှိစေနိုင်ရေးအတွက် ဆီထွက်သီးနှံများကို နည်းလမ်း မှန်ကန်စွာဖြင့် စနစ်တကျစိုက်ပျိုးကြရန်၊ စိုက်ပျိုးရေး နည်းပညာ များနှင့်ပတ်သက်၍ သိလိုသည်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။
ရပ်စောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီတွင် နေကြာမျိုးစေ့ ထုတ် ဧက(၁၀၀) စိုက်ပျိုးထုတ်လုပ်ရန်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅)အုပ်စုမှ နေကြာ မျိုးစေ့ထုတ်တောင်သူ (၁၅)ဦးအား နေကြာ မျိုးစေ့ထုတ် ဧက (၁၀၀)အတွက် (၁)ဧကလျှင်မျိုးစေ့ (၄)ကီလိုနှုန်းဖြင့် ကီလို(၄၀၀)နှင့် မြေဩဇာ (၁၀၀)အိတ်တို့အား ထောက်ပံ့ပေးအပ်ထားပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - ရဲထက်ဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment