MNP - ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်လက်တင်ပြဆွေးနွေးကြရာ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့မှူးရုံး၊ ဥပဒေရုံး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီပင်သာယာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ခရိုင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment