MNP ၊ ဩဂုတ် ၄
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့ တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ်ဆုရရှိသည်။
ယနေ့ကျင်းပသည့် ဝူရှူးပြိုင်ပွဲတွင် ပွဲစဉ်(၄)မျိုးကျင်းပခဲ့ပြီး ပွဲစဉ် ၄ ဖြစ်သည့် အမျိုးသမီး ထိုက်ချိချွမ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မမြတ်နိုးအိမ် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ် (၉.၆၅) ဖြင့် ပထမဆုရွှေတံဆိပ်ကိုရရှိသည်။ မလေးရှားနိုင်ငံမှ ဒုတိယဆုငွေတံဆိပ်ကိုရရှိပြီး အင်ဒိုနီးရှားနိုင်ငံမှ တတိယဆုကြေးတံဆိပ်ကိုရရှိသည်။
မြန်မာတက္ကသိုလ် အားကစားအဖွဲ့အတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို စတင်ရယူပေးသည့် မမြတ်နိုးအိမ်သည် မန္တလာတက္ကသိုလ် စတုတ္ထနှစ်သမိုင်းဘာသာရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့အနေဖြင့် ဝူရှူးအားကစားနည်း (၄) မျိုးကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။
အာဆီယံတက္ကသိုလ်အားကစားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် အူဘွန်းရာချဌာနီရဂျာဟက်တက္ကသိုလ် (Ubon Rachathani Rajabhat University) UBRU Happiness Stadium ကွင်း၌ မြန်မာနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းနှင့် လာအိုနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ ပွဲပြီးဆုံးချိန်ထိ ဂိုးမရှိသရေရလဒ်ဖြစ်သဖြင့် ပင်နယ်တီအဆုံးအဖြတ်ကန်ကြရာ မြန်မာတက္ကသိုလ်အသင်းက ပင်နယ်တီအနိုင်ဂိုးများကို မောင်ခိုင်ရဲဝင်း၊ မောင်ညီညီ၊ မောင်သန်းမြတ်စိုးနှင့် မောင်စိုးသူရ တို့ကသွင်းယူခဲ့ကြပြီး ၄ ဂိုး ၃ ဂိုးဖြင့် တတိယဆု ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment