MNP ၊ သြဂုတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များနှင့် တွေ့ဆုံစဉ်မှာ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးမြင့်လှိုင်က နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC တာဝန်ရှိသူများထံသို့ သတိမမူ ဂူမမြင်၊ ပညာရှိ သတိဖြစ်ခဲ ဖြစ်တတ်သည့် သဘာဝအရ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတိုင်းတွင် မဲရုံမှူးတာဝန်များကို ပညာရေးဝန်ထမ်း ဆရာ/ ဆရာမများအား တာဝန်ပေးအပ်ခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝှမ်း ယနေ့ထိ ဆိုးကျိုးများကို ရင်ဆိုင်နေကြရကြောင်း ထည့်သွင်းပြောကြားသွားသည်။
ဦးမြင့်လှိုင်က "မဲရုံမှူးတာဝန်ပေးအပ်ခြင်းခံရသူ ဆရာ/ဆရာမများကို ပါတီအောင်နိုင်ရေးအတွက် အသုံးချခဲ့ခြင်းကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် အာဏာလက်ဝယ်ရှိနေခဲ့သည့် အစိုးရနှင့် နိုင်ငံရေးပါတီအနေဖြင့် သောင်ပြိုကမ်းပြို နိုင်ရမည်ဟူသော ကြွေးကြော်သံနှင့်အတူ မဲလိမ်၊ မဲခိုး၊ မဲမသာမှု စုစုပေါင်း (၁၁)သန်းကျော် အထောက်အထားဖြင့် ဖော်ထုတ်တွေ့ရှိခဲ့ကြရပါကြောင်း၊ မဲရုံအသီးသီးတွင် အဆုံးအဖြတ် သမာဓိဒိုင်လူကြီးများအဖြစ် တာဝန်ယူခဲ့ကြရသည့် နိုင်ငံဝန်ထမ်း ဆရာ/ဆရာမများကို နိုင်ငံရေးပါတီအကျိုးအတွက် သိမ်းသွင်းအသုံးချခဲ့ကြပြီး မဲရေတွက်ရာတွင် ကန့်ကွက်မဲ၊ ပယ်မဲ၊ အတည်ပြုထောက်ခံမဲများကို မဲရုံမှူး၏ ဆုံးဖြတ်ချက်ဖြင့် သောင်ပြို၊ ကမ်းပြို အနိုင်အရှုံးရလာဒ် ထွက်ပေါ်စေခဲ့ကြောင်း ထည့်သွင်းပြောကြားသွားသည်။
ဦးမြင့်လှိုင်၏ ရှင်းလင်းပြောကြားချက်တွင် "ရိုးသားဖြူစင်ကြပြီး နိုင်ငံအတွက် စိတ်ဓာတ်နှင့် စည်းကမ်း စာရိတ္တကောင်းမွန်သော သားသမီးများကို လေ့ကျင့်သင်ကြားပေးကြသည့် အနန္တဂိုဏ်းဝင် ဆရာ/ဆရာမများသည် တပည့်သားသမီးတို့ကို အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာနှင့်အညီ လူချွန်လူကောင်းများဖြစ်အောင် ဆောင်ရွက်ပေးရသည့် နိုင်ငံဝန်ထမ်းကောင်းများဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများကို ရွေးကောက်ပွဲတွင် ဒိုင်လူကြီးအဖြစ် မဲရုံမှူးတာဝန်ပေးအပ်ခဲ့ခြင်းကြောင့် ပါတီနိုင်ငံရေး၏ သားကောင်းမျာအဖြစ် အသုံးချခြင်းခံခဲ့ရပြီး ယနေ့ နိုင်ငံနှင့်အဝှမ်း CDM ပြဿနာများ၊ PDF အမည်ခံ အစွန်းရောက် အကြမ်းဖက်အန္တရာယ် ကွင်းဆက်ဆိုးကျိုးများ ပေါ်ပေါက်နေရခြင်း အခြေခံအကြောင်းတစ်ရပ်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားသွားသည်။
မည်သည့်ရာထူးမက်လုံး၊ ငွေကြေးမက်လုံး၊ တိုက်ခန်းမြေကွက်မက်လုံးများကိုမျှ လုံးဝမက်မောခြင်းမရှိဘဲ မိမိ၏ဂုဏ်သိက္ခာအတွက် ကြံ့ကြံ့ခံရပ်တည်နေကြသည့် လေးစားဂုဏ်ပြုထိုက်သော ဆရာ/ဆရာမများစွား ရှိပါကြောင်း၊ မက်လုံးအမျိုးမျိုးနောက်သို့ လိုက်ပါခဲ့ပြီး NLD အောင်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ပတ်သက်ခဲ့ကြသည့် ဆရာ/ဆရာမတို့သည် နိုင်ငံတော်၏ အာဏာကို မဲမသမာမှုအမြောက်အများနှင့် အဓမ္မရယူရန် NLD ပါတီအောင်နိုင်ရေး လုပ်ဆောင်ခဲ့ကြခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ တပ်မတော်အနေဖြင့် အရေးပေါ်ကာလသတ်မှတ်ပြီး နိုင်ငံအာဏာအရပ်ရပ် လွှဲပြောင်းရယူထမ်းဆောင်ခဲ့ရာတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် CDM လုပ်ခဲ့ကြကြောင်း၊ တပ်မတော်အစိုးရ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ အစကာလတွင် သံပုံးတီးခြင်း၊ ဆန္ဒပြခြင်း လုပ်ရပ်များမှတစ်ဆင့်ပြီးတစ်ဆင့် ယနေ့တိုင်အောင် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက် ရသည့် PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်အန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ၁၉ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်လည်း Bullet News ဂျာနယ်မှ ဦးလှဆွေ က UEC အနေဖြင့် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲများတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများကိုသာ မဲရုံးမှူးတာဝန်ပေးအပ်ခဲ့ခြင်းအပေါ် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း လဝက ဝန်ထမ်းများ၊ အခြားသော ဌာနဆိုင်ရာဝန်ထမ်းများကိုပါ ပူးပေါင်းတာဝန်ပေးအပ်သင့်ကြောင်း အကြံပြု တင်ပြခဲ့သည်။
ဦးမြင့်လှိုင်၏ ရှင်းလင်းပြောကြာချက်တွင် အထွေထွေရွေးကောက်ပွဲကာလတွင် နိုင်ငံနှင့်အဝှမ်း မဲရုံးပေါင်း (၄၀၀၀၀)ခန့်ရှိရာ နေရာအတွက် အသင့်ရှိသော စာသင်ကျောင်းများကို မဲရုံများအဖြစ် အသုံးပြုခြင်းမှာ မှန်ကန်သော်လည်း ပညာရေးဝန်ထမ်း ဆရာ/ဆရာမများကို မဲရုံမှူးများအဖြစ် ထပ်မံတာဝန်ပေးအပ်ရန်မူ လုံးဝမဖြစ်သင့်ကြောင်း၊ လက်ရှိကြုံတွေ့နေကြရသည့် ပညာရေးဝန်ထမ်းအချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှု ပြဿနာများ၊ ဆရာ/ဆရာများ၏ အသက်ဘေးအန္တရာယ် လုံခြုံမှုပြဿနာများ၊ စာသင်ကျောင်းများနှင့် ပညာရေးအထောက်အကူပြု စာအုပ်စာတမ်းများ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်စဉ်များ၊ လူငယ် လူရွယ် GZ များကို လမ်းမှားသို့ရောက်အောင် မှိုင်းတိုက်တွန်းပို့ခြင်းဖြစ်စဉ်ကွင်းဆက်များ ထပ်မံမဖြစ်ပေါ်စေရေ၊ ဆရာ/ဆရာများကို ပါတီနိုင်ငံရေးသားကောင် အဖြစ် အသုံးချခြင်း မှ ကင်းလွတ်အောင် စောင့်ရှောက်ပေးရန်၊ ဝန်ကြီးဌာနအသီးသီးတွင် ဥပဒေပညာရှင်များ အသီးသီး ရှိသည်ဖြစ်ရာ ဝိုင်းကြီးချုပ်စနစ်ဖြင့် ပို၍ ကောင်းမွန်ခိုင်ခန့်သော စနစ်တစ်ရပ်အား ရွေးချယ်သတ်မှတ်ဆောင်ရွက်နိုင်ရန် အကြံပြု ပြောဆိုထားသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment