MNP - သြဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ တိရစ္ဆာန်များစားသုံးရန် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်တိုသင်တန်းအား ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက ဓနုဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင်၊ တိရစ္ဆာန်များကပ်ရောဂါပိုးများ ကျရောက်ဖြစ်ပွားမှုများရှိလာသဖြင့် ဒေသရှိ မွေးမြူရေးလုပ်ငန်းရှင်များက ဘေးအန္တရာယ်ကင်းသည့် အစာပင်များစိုက်ပျိုးကျွေးမွေးရန် လိုအပ်ကြောင်းနှင့် ကုသရေးဌာနမှ လမ်းညွှန်ပေးသည့် တိရစ္ဆာန်မွေးမြူထိန်းသိမ်းစောင့်ရှောက်ရေး အချက်အလက်များကို လိုက်နာကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာမင်းဇော်မှ အဆိုပါ သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိရစ္ဆာန်အစာပင် နေဗီယာ၊ စတိုင်လိုရိုစီ၊ မွန်ဘားဆား၊ ဒက်စ်မန်သက်မြက်မျိုးများ စိုက်ပျိုးခြင်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းတွင်ကျေးရွာ ၁၂ ရွာမှ သင်တန်းသား ၁၅ ဦး တက်ရောက်ကာ၊ သင်တန်းကာလမှာ သြဂုတ်လ (၄)ရက်နေ့မှ(၆) ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - အေးအေးလတ်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment