သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၂) ကျင်းပ


MNP ၊ ဩဂုတ် ၂၅

သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့ကျင်းပသည့် သဘာဝဘေးအရေးပေါ် တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ အနေဖြင့် သဘာဝဘေးကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်မှုတို့တွင် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများ လမ်းညွှန်ပြုစုနိုင်ရေး ဆွေးနွေးအကြုံပြု နိုင်ရန် အတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် World Risk Report 2021 အရ အဆင့်(၇၉) သာရှိသော်လည်း Global Climate Risk Index 2021 ပါစစ်တမ်းများအရ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွင်မူ ကမ္ဘာ့နိုင်ငံများအနက် အဆင့်(၂၁)တွင်ရှိနေကြောင်း။

သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ လျင်မြန်သော တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ်ကာလ ဆက်သွယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ကြရာတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုမှာလည်း အထူးအရေးပါကြောင်း၊ အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းပြီး ထိရောက်သော လူသားချင်းစာနာမှု အကူအညီပေးရန်နှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များဖြင့် ယခင်က ဆောင်ရွက်ခဲ့သည့် “Civil Military Coordination Workshop on Disaster Management” အလုပ်ရုံဆွေးနွေးပွဲများမှ အကြံပြုချက်များအပေါ် လမ်းညွှန်မှုခံယူပြီး “သဘာဝဘေးအရေးပေါ် တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့” ကို ၂၀၂၂ ခုနှစ်၊ မတ်(၃)ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့ အနေဖြင့် ပေးအပ်ထားသည့် တာဝန်များအပေါ်မူတည်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စနစ်တကျဖြစ်စေရေး ဆွေးနွေးညှိနှိုင်း ကြရန်ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်သည့် သဘာဝဘေးတုံ့ပြန်မှု အတွက် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း(Simulation Exercise) ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးတို့က သဘာဝဘေးအရေးပေါ် တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များက ကိုယ်စားပြု တက်ရောက်သည့် လုပ်ငန်းကော်မတီအလိုက် တပ်မတော်နှင့် သဘာဝဘေးတုံ့ပြန်မှု လုပ်ငန်းအတွက် ညှိနှိုင်းပေါင်းစပ်ရာတွင် ရရှိထားသည့် ကောင်းမွန်သည့် အတွေ့အကြုံများ၊ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နိုင်သည့်ကဏ္ဍများ၊ တပ်မတော်၏ သဘာဝဘေး စီမံခန့်ခွဲမှုစနစ်နှင့် ရယူနိုင်သည့်အကူအညီများ၊ ထိရောက်လျှင်မြန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အားမြှင့်ဆောင်ရွက်နိုင်သည်များ၊ Standard Operation Procedure ပြုစုနိုင်ရေး စတင်ဆောင်ရွက်ရန်များ၊ နိုင်ငံတော်အဆင့် ဇာတ်တိုက်လေ့ကျင့်ခန်းတစ်ရပ် ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)