MNP ၊ ဩဂုတ် ၂၄
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပိုမိုသိရှိလာနိုင်ရေး အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနား(ဒုတိယအကြိမ်)ကို ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အတွင်းရှိ ချင်း၊ ရှမ်း၊ ကရင်၊ ရခိုင်နှင့် လီဆူ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန် အမှီသဟဲပြုနေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့ရရှိလာမည့် အသိပညာ၊ ဗဟုသုတများနှင့်ယှဉ်၍ တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဟောပြောပို့ချ ချက်များကို သေချာစွာမှတ်သားပြီး မိမိတို့လုပ်ငန်း များဆောင်ရွက်ရာတွင် အသိမှန်၊ ဆုံးဖြတ်ချက် မှန်ကန်စွာဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြရန် တိုက်တွန်းလိုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်က Perspective on the United Nations: “Differential Treatment of Different Countries” ကုလသမဂ္ဂနှင့် စပ်လျဉ်း၍ သုံးသပ်ချက်အချို့ “နိုင်ငံအလိုက်ခွဲခြား ဆက်ဆံခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် UN Instruments များမှာ AID, Sanction, UN Peacekeeping, R2P: Responsibility to Protect, Human Rights Law/ Agreement, Other Human Rights Instrument နှင့် ICJ တို့ဖြစ် ပါကြောင်း၊ ကုလသမဂ္ဂမှ ထောက်ပံ့မှုများ ရသော်လည်း ချမ်းသာသောနိုင်ငံမဖြစ်နိုင်ပါကြောင်း၊ ပိတ်ဆို့မှုပြုလုပ်ခြင်းခံရသည့် နိုင်ငံတိုင်း တိုးတက်မှုမရှိနိုင် ပါကြောင်း၊ သို့ရာတွင် အဆိုပါပိတ်ဆို့ခံရသည့်နိုင်ငံ၏ အစိုးရအပေါ် ထိရောက်သည့် အကျိုးသက်ရောက်မှုမရှိပါကြောင်း၊ UN Peacekeeping ဆိုသည်မှာ အခြား နိုင်ငံများမှ တပ်သားများအား ငှားရမ်းအသုံးပြုခြင်းဖြစ် ပါကြောင်း၊ R2P: Responsibility to Protect ဆိုသည်မှာ အားနည်းသူများကို ကာကွယ်ပေးရန်ဖြစ်ပါကြောင်း၊ R2P တွင် မျိုးတုံး သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ မျိုးနွယ်စု သုတ်သင်ရှင်းလင်းခြင်း၊ လူသားများ အပေါ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းတို့ ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပို၍အရေးပါပါကြောင်း၊ အဖွဲ့ဝင်(၁၅) နိုင်ငံရှိပြီး အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် အလှည့်ကျ အဖွဲ့ဝင် (၁၀) နိုင်ငံ ရှိပါကြောင်း၊ ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာဖြင့် ကန့်ကွက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က “စာပေစွမ်းအား၊ ပြည်ထွန်းကား” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် စာပေအားဖြင့် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သိရှိနားလည်နိုင်သဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးမှုကိုရစေပြီး စည်းလုံးညီညွတ်မှုကို ပိုမိုရရှိစေနိုင်ကြောင်းကို ဖတ်ရှု မှတ်သားခဲ့ရသည့် ဝတ္ထု၊ ကဗျာ၊ စာအုပ်စာပေများကို ဘဝအတွေ့အကြုံများနှင့် ကိုးကား၍ လည်းကောင်း၊ စာပေဖတ်ခြင်းအားဖြင့် အသိပညာရရှိပြီး ထိုအသိပညာဖြင့် လက်တွေ့ကျကျ ဘဝများကို အသုံးချနိုင်ပါက တစ်ဦးတစ်ယောက်မှ တစ်စုတစ်ဖွဲ့၊ လူ့ဘောင်သစ်၊ နိုင်ငံသစ်နှင့် ငြိမ်းချမ်းရေး သည် လက်တစ်ကမ်းအကွာတွင် ရှိနေပါကြောင်း၊ သို့ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မရနိုင်ပါကြောင်း၊ စာပေထဲမှ ရရှိသည့်အသိဖြင့် အများကောင်းကျိုး၊ လောကကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး များကို စွမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးဟောပြောမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment