နိုင်ငံတော်အကြီးအကဲများခင်ဗျာ -
ယနေ့ ကာလတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအဖြစ် ရပ်ကျေး/ ရပ်ကွက်အဆင့်တွင် ပါဝင်ကူညီဆောင်ရွက်နေကြသူများမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမား၏ အန္တရာယ်ကို အံတုရင်ဆိုင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒများ၊ ရည်မှန်းချက်များ အောင်မြင်စေရန် အသက်ရင်း၍ ကူညီဆောင်ရွက်နေကြသူများဖြစ်ပါသည်။
ရန်ကုန်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများစွာ အသတ်ခံခဲ့ရပြီး NLD အစွန်းရောက် အကြမ်းဖက်သမား လူသတ်တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသည်ကိုလည်း လူကြီးမင်းတို့အနေဖြင့် ဆင်ခြင်သိဖြင့် သိရှိနားလည်လိမ့်မည်ဟု ယုံကြည်ပါတယ်။ အဘယ်ကြောင့် လူသတ်တရားခံ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ လွတ်မြောက်နေပြီး အပြစ်မဲ့ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို ကြိမ်ဖန်များစွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခွင့်ရနေသနည်း။
အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများတွင် အရေးအကြောင်းဖြစ်လို့မှ ခုခံကာကွယ်ရန် လက်နက်မရှိပါ။ အရေးအကြောင်း ဖြစ်လို့မှ ရဲ၊ တပ်ကို အကြောင်းကြားသော်လည်း အပစ်ခံပြီးမှ (သေပြီးမှ) (ဒဏ်ရာရပြီးမှ) သာ ရောက်ရှိလာနိုင်သည့် အခြေအနေ ဖြစ်ပါသည်။
ယနေ့ (၃-၈-၂၀၂၂) ရက်နေ့ တောင်ဒဂုံမြို့နယ်ရဲစခန်းတွင် မြောက်ဒဂုံ ထားဝယ်ချောင်ရဲစခန်းမှူး ဖွင့်လှစ်တရားစွဲဆိုထားသည့် အမှုနှင့် ပတ်သက်၍ စစ်ခုံရုံးတင် အမိန့်ချမှတ်ခဲ့သော ဖြစ်စဉ်တွင် တောင်ဒဂုံမြို့နယ်၊ ၂၄ ရပ်ကွက်တွင် ဆယ်အိမ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူနှစ်ဦး၊ ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပူးတွဲ ကူညီဆောင်ရွက်ပေးနေသူ နှစ်ဦး ကို ထောင်ဒဏ် ၃နှစ်စီ ထည့်သွင်းအမိန့်ချခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ တင်ပြလိုပါသည်။
တောင်ဒဂုံမြို့နယ်တွင် ငွေတုဖြန့်ဝေသူများက ၁၀၆ အုပ်ချုပ်ရေးမှူးရုံးတွင် ကူညီဆောင်ရွက်နေသူတစ်ဦးထံ ငွေတုများ ရောင်းပေးမည်ဆိုသဖြင့် ဖော်ထုတ်ဖမ်းဆီးလိုသည့် ၁၀၆ အုပ်ချုပ်ရေးမှူးရုံးမှ ကိုမြတ်မင်းက ငွေတုရောင်းချသူများ ချိန်းဆိုရာသို့ ၁၀၆ အုပ်ချုပ်ရေးမှူး၏ ကားကို ယူဆောင်ပြီးသွားခဲ့ပါသည်။ သူနှင့်အတူ အဖော်မပါသဖြင့် ၂၄/၂၅ ရပ်ကွက်မှ ဆယ်အိမ်မှူး/ရာအိမ်မှူး ဦးသက်အောင်နှင့် ဦးသက်ခိုင်မင်း တို့အား အဖော်အဖြစ် လိုက်ပါပေးရန် ခေါ်သဖြင့် လိုက်ပါသွာခဲ့ပါသည်။
ဖြစ်စဉ်တွင် ဦးမြတ်မင်းက ငွေတု လာပို့သည့် ပုဂ္ဂိုလ် (၂)ဦးမှ တစ်ဦးကို ဖမ်းဆီးထားလိုက်ပြီး ကျန်တစ်ဦးကို ပြန်လွှတ်၍ ငွေဖြင့် လာရွေးယူရန် ငွေေကြေးတောင်းခံခဲ့ပါသည်။ လွတ်မြောက်သွားသည့် ငွေတုရောင်းချသူတစ်ဦးက ထားဝယ်ချောင်းရဲစခန်းတွင် သွားရောက်တိုင်ကြားရာမှာ ဦးမြတ်မင်းနှင့်အတူ ၂၄/ ၂၅ ရပ်ကွက်မှ ဦးသက်အောင်၊ ဦးသက်မင်းခိုင် တို့ကိုပါ ၁၅-၇-၂၀၂၂ ရက်နေ့က ဖမ်းဆီးခဲ့ပါသည်။
ဦးမြတ်မင်း ၏ ဖော်ထုတ်မှုကြောင့် ငွေတုရောင်းချသူများကိုလည်း ဖမ်းဆီးရမိခဲ့ပါသည်။ ဦးမြတ်မင်းအနေဖြင့် ငွေတုရောင်းချသူများထံမှ ငွေကြေးရယူရန် ကြိုးပမ်းခဲ့ကြောင်း၊ ဦးသက်အောင်နှင့် ဦးသက်မင်းခိုင်တို့မှာ အဖော်အဖြစ် လိုက်ပါလာခဲ့သူများ ဖြစ်ကြောင်း ထွက်ဆိုချက်ပေးခဲ့ပါသည်။
ဦးသက်အောင်နှင့် ဦးသက်မင်းခိုင်တို့အား ဖမ်းဆီးထားသည့်အပေါ် ၁၀၆ အုပ်ချုပ်ရေးမှူး၊ ၂၅ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ၂၄/၂၅ ရပ်ကွက်တွင် ရာအိမ်မှူး/ဆယ်အိမ်မှူးများအဖြစ် ကူညီဆောင်ရွက်ပေးနေသော ဦးသက်အောင်၊ ဦးသက်မင်းခိုင် တို့အား ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ကားပေါ်တွင် ဓားပါလာခြင်းကြောင့် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ၁၀၆ အုပ်ချုပ်ရေးမှူးက ဦးသက်အောင်၊ ဦးသက်မင်းခိုင်တို့၏ ဓားမဟုတ်ကြောင်း၊ သူ၏ ကားပေါ်တွင် အကြမ်းဖက်သမားများနှင့် ရင်ဆိုင်ရသည့်အခါ ခုခံနိုင်ရန် ဆောင်ထားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်း တာဝန်ရှိသူများထံ တင်ပြခဲ့ပြီး လွှတ်ပေးနိုင်ပါရန် အာမခံ တင်ပြခဲ့ကြပါသည်။
ထိုသို့ တင်ပြသော်လည်း တောင်ဒဂုံရဲစခန်းက မြောက်ဒဂုံ ထားဝယ်ချောင်ရဲစခန်းမှ စခန်းမှူး လာဖွင့်ထားသော အမှုဖြစ်သည့်အတွက် လုပ်ပေး၍မရကြောင်း၊ ထိုသို့သော အခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူများထံ တင်ပြရာတွင်လည်း မည်သူကမျှ အရေးတယူလုပ်၍ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။
နိုင်ငံတော်အကြီးအကဲများဗျာ -
နိုင်ငံတော်အကြီးအကဲများအနေဖြင့် တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုကို မြို့ပြနှင့် ကျေးလတ်တွေပါမကျန် လွှမ်းခြုံနိုင်ဖို့ လုပ်ဆောင်လျက်ရှိရာမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် အဖျက်အမှောင့် လုပ်ငန်းမျိုးစုံ၊ လုပ်ကြံသတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်လျက်ရှိသော NLD အစွန်းရောက် အကြမ်းဖက်သမားများအပေါ် တရားဥပဒေစိုးမိုးရေးကို ရှေးရှု၍ ယန္တရားအဆင့်ဆင့်က တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ဆောင်ရွက်ခြင်း မရှိခြင်းသောကြောင့် ယနေ့တိုင်အောင် ရဟန်းသံဃာတော်များအပါအဝင်၊ အပြစ်မဲ့ပြည်သူပေါင်းများစွာ၊ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ အသတ်ခံခဲ့ရပြီး လူသတ်သမား အကြမ်းဖက်သမားများကို ဖော်ထုတ်အရေးယူပေးနိုင်ခြင်း မရှိခဲ့ပါ။
အထက်ဖော်ပြပါဖြစ်စဉ်တွင် ဦးသက်အောင်၊ ဦးသက်မင်းခိုင်တို့အနေဖြင့် တစ်စုံတစ်ရာ ပြစ်မှုကျူးလွန်ခြင်း မရှိသည့်အပြင် ကားပေါ်တွင် တွေ့ရှိသော ဓားမှာလည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင်က မိမိ၏ ကားပေါ်တွင် အကြမ်းဖက်သမားများနှင့် ရင်ဆိုင်ရသည့်အခါ ခုခံကာကွယ်နိုင်ရန် ဆောင်ထားခြင်းဖြစ်သည်ကို တင်ပြခဲ့သော်လည်း တရားစွဲဆိုသည့် ထားဝယ်ချောင်ရဲစခန်းက ထည့်သွင်းစဉ်းစားပေးခဲ့ခြင်း မရှိပါ။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်များတွင် စစ်ခုံရုံမှာ အမှုဖွင့် ရေးသားတင်ပြလာသည်ကိုသာ ဖတ်ရှု၍ ဆုံးဖြတ်ရသည်ဖြစ်ရာ အထက်ပါဖြစ်စဉ်တွင် အပြစ်မဲ့ ရာအိမ်မှူး/ဆယ်အိမ်မှူးများကိုပါ ရဲစခန်းမှူးက အပြစ်ရောက်အောင် ရေးသားတင်ပြခဲ့ခြင်းကြောင့် စစ်ခုံရုံးက လက်နက်ကိုင်ဆောင်မှုဖြင့် ယနေ့ (၃-၈-၂၀၂၂) ရက်နေ့တွင် ထောင်ဒဏ် (၃)နှစ် အမိန့်ချမှတ်လိုက်ပါသည်။
နိုင်ငံတော်လူကြီးမင်းများခင်ဗျာ -
ရာအိမ်မှူး/ဆယ်အိမ်မှူး (၂)ဦး ထောင်ဒဏ် (၃)နှစ်ချခံရသည်ကို အရေးကြီးခွင်ကျယ်လုပ်၍ တင်ပြလိုခြင်းမဟုတ်ပါ။ ပြစ်မှုကျူးလွန်ထားခြင်းကြောင့် ပြစ်ဒဏ်ကျခံရမည်ဆိုလျှင် ၎င်းတို့ကျူးလွန်သည့် ပြစ်မှုနှင့် ထိုက်တန်သည့် ပြစ်ဒဏ် ချမှတ်ခြင်းကို စောဒကတက်ရန် မရှိပါ။ ယခုဖြစ်စဉ်တွင် ရပ်ကျိုး၊ ရွာကျိုး အသက်နှင့်ရင်း၍ ပါဝင်ကူညီဆောင်ရွက်ပေးနေ သူများအပေါ် စာနာထောက်ထားခြင်းမရှိသော တရားစွဲအဖွဲ့အစည်း၏ လုပ်ရပ်ကြောင့် ပြစ်မှုကျူးလွန်ခြင်း မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် စဉ်းစားဆောင်ရွက်ပေးနိုင်ပါရန် လေးနက်စွာ တင်ပြလိုခြင်း ဖြစ်ပါသည်။
အုပ်ချုပ်ရေးမှူး/ ရာအိမ်မှူးများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူများက တည့်မတ်ထိန်းကျောင်း ကူညီဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့စွာ တင်ပြမှုများအပေါ် လျစ်လျှူရှု၍ မျက်ကွယ်ပြုထားခဲ့သူများ၏ လုပ်ရပ်မှာလည်း လွန်စွာ ကောက်ကျစ်စဉ်းလဲသည်ဟု မှတ်ယူပါသည်။
နိုင်ငံတော်အကြီးအကဲများ ဖော်ဆောင်လျက်ရှိသော တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှု နည်းပါးရခြင်းမှာ လူကြီးမင်းတို့ ယုံကြည်စွာ ခန့်အပ်ထားသော တာဝန်ရှိသူအဆင့်ဆင့်က တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမှန်တကယ်ဖော်ဆောင်နေကြပါသလား။ ပြစ်မှုပေါင်းများစွာ ကျူးလွန်ထားသည့် အကြမ်းဖက်သမားများအပေါ် ဥပဒေစိုးမိုးနိုင်ခြင်း မရှိဘဲ အပြစ်မဲ့ပြည်သူများအား ဥပဒေနှင့် ခြိမ်းခြောက်နေသော လုပ်ရပ်များအပေါ် စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment