MNP - သြဂုတ် ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေ တိုးပွားရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဩဂုတ် ၂၁ ရက်ညနေ ၃ နာရီ ခန့်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုသင်တန်း၌ သင်ယူခဲ့သော အခြေခံမှသည် မိမိဉာဏ်စွမ်းရှိသမျှ တီထွင်ကြံ ဆပြီး စဉ်ဆက်မပြတ် လေ့လာ၍ အကျိုးရှိရှိအသုံးချနိုင်ရန်နှင့် မိမိနိုင်ငံအတွက် ပြန်လည် ပံ့ပိုးပေးနိုင်ရန် ကြိုးစားကြရန်မှာကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က သင်တန်းနှင့်ပက်သက်၍ ပြီးမြောက်သည်အထိ တက်ရောက် ပေးကြသည့်အတွက် ဝမ်းမြောက်ကြောင်း၊ သင်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့ကြသူများအား ဆက်လက်လုပ်ငန်းခွင်များသို့ ဝင်ရောက်နိုင်ရန် လိုအပ်သည်များကို ပံ့ပိုးပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့သည်။
အဆိုပါ စက်ချုပ်သင်တန်းသို့ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ဦးရေ ၂၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် အခြေခံစက်ချုပ်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြတစ်ဦးက စာတွေ့လက်တွေ့ဖြင့် ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၂၁ ရက်နေ့ အထိ အခမဲ့ သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်ပြိး အဆင့်မြင့်စက်ချုပ်သင်တန်းကို ဆက်လက် ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်ထံမှ သိရှိရသည်။
သတင်း - ခင်ပပသိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment