MNP - ဩဂုတ် ၂၀
၂၀၂၂ ခုနှစ် မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)အောက် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံး (ဂိုးလတ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက အခြေခံကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဟာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အကောင်အထည် ဖော်ဆောင်တာဖြစ်လို့ ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး ကျန်းမာသန်စွမ်းတဲ့ အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်၊ မြို့နယ် အားကစားအဆင့်အတန်း မြင့်မားလာစေရေး အထောက်အကူဖြစ်စေရန်၊ လူငယ်လူရွယ်များ မူးယစ်အန္တရာယ်မှ ကင်းဝေးစေပြီး အားကစား ကဏ္ဍကို စိတ်ပါ ဝင်စားလာစေရန်၊ မိမိကျောင်း၊ မြို့နယ်ဂုဏ်၊ နိုင်ငံဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အုပ်စုပွဲစဉ် အဖွင့်ပွဲစဉ် ကစားကြသည့် အထက- အောက်လိပ်အသင်းနှင့် အထက-ကရသူရိ အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ဆရာ၊ ဆရာမများ နှင့်ကျောင်းသား ကျောင်းသူများ၊ အားကစား ဝါသနာရှင် ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း(၅)ဖြင့် အုပ်စု(၂)စုခွဲကာ အုပ်စုတွင်း ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment