MNP - ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်မှကင်းဝေးစေ ရန် ရည်ရွယ်၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ ချောင်းကောမြောင်းကောရိုး(၁၀)ခု အကောင်အထည်ဖော်တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိုးရာသီကာလသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက်ရိုး(၁၀)ခု အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၄၉ သန်းဖြင့် Lot-2 လုပ်ငန်းဖြစ်သည့် မြေစွန်းရိုး၊ ငါးစင်ရိုင်းရိုး၊ ငါးဖယ်အိုရိုး၊ ငါးရင်ချောင်းရိုး တူးဖော်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော စိုးမြင့်မိုရ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး Lot-3 လုပ်ငန်းဖြစ်သည့် နွားကူးရိုး၊ ဟင်းသမရိုး၊ သဲချောင်းရိုး၊ ဇီးပင်ရိုး၊ မန်ကျီးကန်ရိုး၊ တောင်မုန်း ၁၀(က)ရိုး တူးဖော်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော လျှံလျှံကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်းသိရကာ အဆိုပါရိုး(၁၀)ခုတူးဖော်ခြင်းလုပ်ငန်းကို ဇွန်လ(၁၅)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ဩဂုတ်(၁၅)ရက်နေ့တွင် အောင်မြင်စွာတူးဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေအပြည့်အဝရယူသုံးစွဲနိုင်ရေး စနစ်တကျဖြန့်ဝေပေးလျက်ရှိ၍ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ ချောင်းကောမြောင်းကော ရိုး(၁၀)ခုအား အောင်မြင်စွာတူးဖော်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံတောင်သူများ မိုးရာသီကာလတွင် ကြုံတွေ့နေရသည့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေမည့်အပြင် စိုက်ပျိုးရေအဆင်ပြေစွာ ပိုမိုရယူသုံးစွဲနိုင်မည်ဖြစ်သဖြင့် လယ်မြေစိုက်ဧကများ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment