MNP - ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး နေကြာသီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးလျက်ရှိရာ ကြောင်ပန်းကုန်းကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
မျိုးစေ့ထုတ်နေကြာသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း(၈၀)ရာခိုင်နှုန်းအထက်ရှိသော ရေဆင်းစပ်မျိုး(၁)နေကြာမျိုးများကို တစ်ဧကသုံးပြည်အသုံးပြုပြီး သတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ဝင်ဆန့်စေရန် တန်းကြား(၂)ပေ၊ ပင်ကြား(၉)လက်မဖြင့် (၁)ကျင်းလျှင် မျိုးစေ့(၂)စေ့နှုန်းဖြင့် အပင်ပေါက်သေချာစေရန် မြေတွင်းအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မထက်မနက်စေဘဲ စနစ်တကျစိုက်ပျိုးလျက်ရှိကြောင်းနှင့် သွင်းအားစုအနေဖြင့် တစ်ဧက နွားချေးနှင့်မြေဆွေး တစ်မျိုးမျိုးကို နွားလှည်း(၅)စီးမှ(၁၀)စီး၊ ယူရီယား(၁၁၂)ပေါင်၊ တီစူပါ(၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင် ထယ်ရေးပြင်ချိန်တွင်အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား(၅၆)ပေါင် ထပ်မံထည့်သွင်းစိုက်ပျိုးကြောင်း သိရှိ ရသည်။
မျိုးစေ့ထုတ်နေကြာသီးနှံများကို မှိုင်းပန်ကျေးရွာမှ တောင်သူ(၂)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၂၃၂-ခ နှင့် ၂၂၅-ဃ)တွင်(၅၅.၁၀)ဧက၊ ကလေးကျေးရွာမှ တောင်သူ(၃)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၂၃၃-က)တွင်(၅)ဧက၊ တောင်တော်ကျေးရွာမှ တောင်သူ(၃)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၂၅၂-က နှင့် ၂၃၄)တွင်(၁၂.၅၀)ဧက၊ ရှားပင်ကျေးရွာမှ တောင်သူ(၁၃)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၃၅-က နှင့် ၃၃၆)တွင် (၃၁.၀၀)ဧက၊ ဒွေးလှကျေးရွာမှ တောင်သူ(၁၆)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၃၇နှင့်၃၃၈)တို့တွင်(၆၉.၅၀)ဧက၊ အနောက်ရွာ တော်ကျေးရွာမှ တောင်သူ(၄)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၃၇)တွင် (၁၃.၀၀)ဧက၊ ကြောင်ပန်းကုန်းကျေးရွာမှ တောင်သူ(၄)ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၁၇၂ နှင့် ၁၇၇)တို့တွင် (၁၄.၀၀)ဧက စုစုပေါင်း(၂၀၀)ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment