သိမ်းဆည်းခံ မြေယာများ ပြန်လည်စွန့်လွှတ်ပေးရန် တင်ပြတောင်းဆိုနေသည်ကို လျစ်လျှူရှုပြီး ထပ်တိုးကျောင်း ဆောက်လုပ်နေမှုအပေါ် ပြန်လည်သုံးသပ်ပေးနိုင်ပါရန် တင်ပြခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိမ်းဆည်းခံ မြေယာများ ပြန်လည်စွန့်လွှတ်ပေးရန် တင်ပြတောင်းဆိုနေသည်ကို လျစ်လျှူရှုပြီး ထပ်တိုးကျောင်း ဆောက်လုပ်နေမှုအပေါ် ပြန်လည်သုံးသပ်ပေးနိုင်ပါရန် တင်ပြခြင်း (အိတ်ဖွင့်ပေးစာ)






မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာချုပ်အနေဖြင့် မိမိတို့မြေယာသိမ်းဆည်းခံရသော ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) သို့လာရောက်သတင်းထုတ်ပြန်ပေးခဲ့ပြီးဖြစ်သော်လည်း ယခုအခါထပ်မံ၍ ကွန်ပျူတာတက္ကသိုလ်ကျောင်း(၂၁၅)ဧကထဲမှ လျော့ပေါ့ပေးပါရန် တောင်းခံလာသောအခါ မြေယာစွန့်လွှတ်ပေးခြင်းမရှိဘဲ နောက်ထပ် အစိုးရသိပ္ပံနည်းပညာကျောင်း(တောင်ကြီး) ကျောင်းတစ်ကျောင်း ထပ်မံဆောက်လုပ်နေသည့်အတွက် မိမိတို့မူလပိုင်ရှင်များ မြေယာမဲ့ဘဝသို့ရောက်ရှိအောင် လုပ်ဆောင်နေသော တာဝန်ရှိသူများ၏ လုပ်ရပ်တို့အား လိုအပ်သလိုတင်းဖော်ပြပေးပါရန် တင်ပြတောင်းဆို အပ်ပါသည်။

အထက်အကြောင်းအရာပါ မိမိတို့ထံမှ သိမ်းဆည်းခံရသောမြေသည် (၁၉၉၁-၉၂) ခုနှစ်တွင် မိမိတို့ရွာပေါင်း(၄)ရွာမှ စိုက်ပျိုးရေးလုပ်ကိုင်နေသော မြေဧရိယာ (၄၆၇. ၀၆) ဧကအား တပ်တည်ဆောက်ရန်အတွက် သိမ်းယူခြင်းကိုခံခဲ့ရပြီး တပ်မတော်မှအသုံးမပြုသည့်နောက်ပိုင်း တပ်မတော်မှ ဆောက်လုပ်ထားသော အဆောက်အဦးများတွင်သိပ္ပနှင့်နည်းပညာဝန်ကြီးဌာန ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ကျောင်းလာရောက်ဖွင့်လှစ်နေလျက်ရှိပြီး မိမိတို့မြေသိမ်းခံပြည်သူများမှ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်အစိုးရနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တပ်မတော်မှအသုံးပြုခြင်းမရှိတော့သည့်အတွက် ပြန်လည်တင်ပြတောင်းခံရာတွင် အဆိုပါမြေများမှာ တပ်မတော်နှင့်သက်ဆိုင်ခြင်းမရှိတော့ကြောင်း၊ တပ်မတော်မှ (၂၀၀၀) ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရထံသို့ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း အစိုးရထံသာတင်ပြတောင်းခံရန် တပ်မတော်တာဝန်ရှိသူများက တောင်ကြီးမြို့ ဆက်သွယ်ရေးတပ်တွင် မိမိတို့တောင်သူများအား ၎င်းတို့သိမ်းဆည်းခဲ့သော မိမိတို့တစ်ဦးချင်းစိုက်ပျိုးလုပ်ကိုင်နေသော မြေနေရာမြေပုံများဖြင့် ပြသရှင်းလင်းခေါ်ယူပြောဆိုခဲ့ပြီးနောက် မိမိတို့မြေသိမ်းခံရသော တောင်သူများမှ အစိုးရထံသို့ဆက်လက်တင်ပြတောင်းခံခဲ့ရာ (၁၀.၅.၂၀၁၄)ရက်နေ့တွင် အစိုးရသို့ပြန်လည်အပ်နှံခဲ့သော မြေဧရိယာ(၄၆၇. ၀၆)ဧက မှ (၂၅၂. ၁၆) ဧကကို မူလတောင်သူများထံသို့ ပြန်လည်စွန့်လွတ်ပေးခဲ့ပါသည်။ တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု မြေသိမ်းခံရသောရွာ(၄)ရွာထံမှ ထီအုံ၊ ထီတပြေရွာနေ တောင်သူများ၏ မြေယာများပြန်လည်ရရှိခဲ့သော်လည်း ယခုတင်ပြပါ တောင်သူ(၃၄)ဦးမှာစွန့်လွတ်မြေကို ရရှိထားခြင်းမရှိပါကြောင်း၊ စိုက်ပျိုးမြေ မရှိမဖြစ်လိုအပ်နေ၍ အကြိမ်ကြိမ်ပြန်လည်တင်ပြ တောင်းခံနေရခြင်းဖြစ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) (၂၁၅)ဧကထဲတွင် ယခုတင်ပြပါတောင်သူများ၏ မြေယာအချို့ကို ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)မှ အသုံးပြုနေလျက်ရှိပြီး အဆိုပါအသုံးပြုနေသော မြေများကို လျော်ကြေး၊ နစ်နာကြေးရယူလိုခြင်းမရှိ၊ကွန်ပျူတာတက္ကသိုလ်၏ (၂၁၅)ဧကထဲမှလျော့ပေါ့ပေးရန်၊ နိုင်ငံတော်လည်းအကျိုးရှိ မိမိတို့တိုင်းသူပြည်သားများလည်းအကျိုးရှိအောင် မိမိတို့တောင်သူများပိုင်ဆိုင်သော ဧကများ လျော့ပေါ့၍ တင်ပြတောင်းခံနေလျက်ရှိရာ မိမိတို့တင်ပြတောင်းခံနေသော မြေနေရာများကို ပြီးခဲ့သည့်အစိုးရလက်ထက် သိမ်းဆည်းမြေများနှင့်ပတ်သတ်၍ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မိမိတို့တင်ပြတောင်းဆိုသော မြေနေရာများ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)နှင့် ဝေးကွာသောနေရာများ ပြသစစ်ဆေးသွားသော်လည်း အဆိုပါစစ်ဆေးမှုမှာ မြို့နယ်သို့တင်ပြပြီး ဒီဟာတွေစစ်ဆေးစရာမလိုတော့ဘူး၊ ဒုတိယသမ္မတက (၂၁၅)ဧကလုံးကို ကွန်ပျူတာတက္ကသိုလ် အနာဂတ်စီမံကိန်းများ အသုံးပြုရန် သတ်မှတ်ထားပြီးဖြစ်သဖြင့် မိမိတို့တောင်သူများအား မြေယာလျှော်ကြေးသာရယူရန် မြေယာလျှော်ကြေးအတွက် လျှော်ကြေးနှုန်းထားများကို ဆန္ဒပြုဖို့ တောင်းဆိုရန် (၂၀၂၀)ပြည့်နှစ် ဇန်နဝါရီ(၁၅)ရက်နေ့ အစည်းအဝေးတွင် တစ်ခါတည်း ဆန္ဒပြုဖို့ တောင်းဆိုခိုင်းရာတွင် မိမိတို့စိုက်ပျိုးမြေမရှိသဖြင့် မြေကိုသာလိုချင်ကြောင်း (၁)ဧကလျှင် ကျပ်သိန်း(၈၀၀)နှင့် သိန်း(၇၀၀) တို့ကို သဘောဆန္ဒပြုခဲ့ပါကြောင်း၊ ကာလပေါက်ဈေးအတိုင်း မိမိတို့ဆန္ဒပြုခဲ့ရာ လျှော်ကြေးပေးရမည်ဆိုသောအခါ (၁)ဧက ကျပ်သိန်း(၁၀၀)ဖြင့်ပေးအပ်ရန် ခေါ်ယူပြောဆိုရာတွင် မိမိတို့မှ လုံးဝသဘောမတူလျှော်ကြေးမရယူလိုကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။

အစိုးရပြောင်းလဲသွားပြီးနောက်ပိုင်းတွင် ကျောင်းအသစ်ထပ်မံဆောက်လုပ်ခြင်း၊ မိမိတို့တိုင်းရင်းသားပြည်သူများက တားမြစ်ပါက အစိုးရပြောင်းသွားပြီး စစ်အစိုးရခေတ် စစ်တပ်ခေါ်လာပြီး တစ်ခါတည်းရှင်းပြစ်မည်ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ဆိုသူမှ ပြောဆိုလာသည့်အတွက် မိမိတို့မှမတားမြစ်ဘဲ ၎င်းတို့မှ စားကျက်မြေနှင့် မိမိတို့တောင်သူများပိုင်မြေနေရာတွင် ခြံဝန်းများခတ်ယူ၍ အစိုးရပြောင်းလဲမှုနှင့်အတူ အလျင်အမြန် စက်မှုလက်မှုသိပ္ပံကျောင်း(တောင်ကြီး)ဆိုပြီး ကျောင်းဆောက်လုပ်လာပါသည်။

မိမိတို့တင်ပြတောင်းခံသော ကွန်ပျူတာတက္ကသိုလ်(၂၀၅)ဧကထဲမှ အသုံးမပြုသည့်မြေဧကများအား လျှော့ပေါ့ပေးရန် တင်ပြတောင်းဆိုခဲ့ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိမိတို့တင်ပြတောင်းခံသောမြေအား ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)မှ မစွန့်လွတ်နိုင်ကြောင်းကိုသာ ခေါ်ယူရှင်းပြခဲ့ပြီးနောက် ထပ်မံ၍ စက်မှုလက်မှုသိပ္ပံကျောင်း(တောင်ကြီး)အတွက် ထပ်မံတိုးချဲ့ဆောက်လုပ်မည်ဖြစ်သောကြောင့် အဆိုပါမြေနေရာရှိ စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများအား ဖယ်ရှားပေးရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး စိုက်ပျိုးထားသောသီးနှံများအတွက်ပါ ထိုက်သင့်သောနစ်နာကြေးများပေးမည်ဆိုပြီး (၉.၈.၂၀၂၂) ရက်နေ့တွင် တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးအရာရှိ(၁)ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြေစာရင်းဝန်ထမ်းနှင့် မြေလွှဲပြောင်းပေးသူ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တာဝန်ခံနှင့် မြေလွှဲပြောင်းလက်ခံရယူသူ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(တောင်ကြီး)တာဝန်ခံဆိုသူတို့မှ နောင်လေးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယခင်လိုခြိမ်းခြောက်မှုမပါဘဲ မဖြစ်မနေထပ်မံလုပ်ဆောင်ဖို့ အထက်အဆင့်ဆင့်ကခိုင်း၍ တောင်သူများကို ခေါ်ယူအသိပေးရခြင်းဖြစ်ကြောင်း နစ်နာကြေးပေးအပ်မည်ကို တောင်သူများက ရယူလိုခြင်းမရှိကြောင်း၊ မြေမရှိ၍ မြေကိုလိုချင်ကြောင်း၊ လျှော်ကြေးနစ်နာကြေး မြေယာလျှော်ကြေးသိန်း(၁၀၀)ကိုလည်း မယူလိုကြောင်း ပြောထားပြီးဖြစ်ပါသဖြင့် လူကြီးမင်းတို့အနေဖြင့် လုပ်ချင်သလိုသာလုပ် မိမိတို့မတားဆီးပါကြောင်း တင်ပြခဲ့ပါသည်။

မိမိတို့ ပြန်လည်တင်ပြတောင်းခံနေသော တောင်သူများထဲတွင် အချို့တောင်သူများမှာ ၎င်းတို့မိသားစုလိုက် ပိုင်ဆိုင်သောမြေများကို အုပ်ချုပ်ရေးအာဏာတာဝန်ရှိသူတို့  ဥပဒေမဲ့သိမ်းဆည်း အခြားသူများသို့ လွှဲပြောင်းပေးခံရသော တောင်သူများလည်းပါဝင်နေပြီး ယခုထပ်မံကျန်ရှိသော မြေများကိုလည်း ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)မှ အသုံးပြုထားသည့် အဆောက်အဦးများတွင် ပါဝင်နေလျှက်ရှိကြောင်း၊ ကျန်တောင်သူများမှာလည်း ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(တောင်ကြီး)ဆောက်လုပ်နေရာတို့တွင် မြေဧကများပါဝင်နေပြီး ယခုထပ်မံသိမ်းဆည်းဆောက်လုပ်မည်ဆိုပါက မိမိတို့မြေယာသိမ်းဆည်းခံရသော စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော မိမိတို့ ပအိုဝ်းတိုင်းရင်းသား မိသားစုများ မြေမဲ့ယာမဲ့ဘဝသို့ရောက်ရှိလာသည်ကို ယခုတင်ပြပါ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြေအသုံးပြုမည့် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများက တစ်နေရာတည်းတွင် မြေသိမ်းဆည်းပြီး အသုံးပြုနေခြင်းကို ပြန်လည်စဉ်းစားသုံးသပ်ပေးစေလိုပါကြောင်း မိမိတို့တိုင်းရင်းသားများမှ တင်ပြတောင်းဆိုအပ်ပါသည်။

လေးစားအပ်ပါသော တာဝန်ရှိလူကြီးမင်းများခင်ဗျာ မိမိတို့ပအိုဝ်းတိုင်းရင်းသားများ၏ မြေများကို လွယ်လွယ်ကူကူသိမ်းယူမည့်အစား အခြားသောလုပ်ငန်းများအတွက် တောင်ကြီးမြို့နယ် တောင်ကြီးတောင် - မြောက်သစ်တောကြိုးဝိုင်းတွင် တောင်ကြီး - ဟိုပုံးသွားရာကားလမ်းတစ်ဖက်နှင့် တောင်ကြီးမြို့ထွက်(၂)မိုင်သစ်တောမြေတွင် ( VIP ) အဆင့်မြင့်အိမ်ရာနှင့် ထပ်မံ၍ ငြိမ်းချမ်းရေးအဖွဲ့အစည်းဝင်တစ်ဦး အဆင့်မြင့်အိမ်ရာစီမံကိန်း ဧကပေါင်း ရာဂဏန်းခန့်အသုံးပြုနေသလို တောင်ကြီးဆေးတက္ကသိုလ်လည်း သစ်တောမြေထဲတွင်လည်းကောင်း၊ အစိုးရဝန်ထမ်းအိမ်ရာ၊ ရုံးဌာနများမှာလည်း သစ်တောမြေထဲတွင်လည်းကောင်း၊ အဆင့်မြင့် (TBC) ယာဉ်ရပ်နားစခန်း/ အိမ်ယာစီမံကိန်း/ ကုန်ပစ္စည်းဂိုထောင်များ၊ ဧကပေါင်းမြောက်များစွာကို သစ်တောမြေထဲတွင် ဆောက်လုပ်သုံးစွဲနေသလို ပုဂ္ဂလိကတစ်ဦးချင်းအလိုက် သစ်တောမြေနေရာတွင် အငှားချစိုက်ပျိုးလုပ်ကိုင်မှုတွေကိုပါ လုပ်ဆောင်နေသလိုမျိုး ယခုထပ်မံဆောက်လုပ်သော အစိုးရနည်းပညာတက္ကသိုလ်(တောင်ကြီး)ကျောင်းကိုလည်း သစ်တောမြေထဲတွင်ဆောက်လုပ်ပါက အဆိုပါသစ်တောမြေ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာပြီး မိမိတို့စိုက်ပျိုးနေသော တိုင်းရင်းသားပြည်သူများ၏ မြေယာများလည်း သိမ်းဆည်းခံရမှုလျော့နည်းပပျောက်မည်ကို မြေသိမ်းဆည်းသုံးစွဲမည့် ဌာနတာဝန်ရှိသူတိုနှင့် မြေစီမံခန့်ခွဲ အသုံးပြုမည့် တာဝန်ရှိသူတို့ လုံးဝစဉ်းစားခဲ့ခြင်းမရှိ လွယ်လွယ်ကူကူ မိမိတို့တိုင်းရင်းသားများထံမှ သိမ်းယူပြီး စီမံကိန်းလုပ်ငန်းများကို အစိုးရမှပညာရေးကို ဦးစားပေးလုပ်ဆောင်နေသည်ကို အကြောင်းပြု၍ အဆိုပါလုပ်ငန်းများ လုပ်ဆောင်ဖို့သာ တာဝန်ရှိသူတို့ စိတ်အားထက်သန်လုပ်ဆောင်နေကြပြီး အထက်ဖော်ပြပါအတိုင်း မြေယာသိမ်းဆည်းမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးကို လုံးဝထည့်သွင်းစဉ်းစားမှု မရှိခြင်းကို ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရတာဝန်ရှိသူများမှ ပြန်လည်သုံးသပ်စစ်ဆေးပေးရန် တင်ပြတောင်းဆိုအပ်ပါသည်။

သို့ဖြစ်ပါ၍ သိမ်းဆည်းခံရသောမြေယာများ ပြန်လည်တင်ပြတောင်းခံတော့မှဘဲ အထက်ဖော်ပြပါအတိုင်း သိပ္ပံနည်းပညာဝန်ကြီးဌာနမှ ကျောင်း(၁)ကျောင်း ထပ်မံဆောက်လုပ်နေခြင်းမှာ အာဏာပိုင်တာဝန်ရှိသူတို့၏ တိုင်းရင်းသားပြည်သူများအပေါ် မြေမဲ့ယာမဲ့ဘဝသို့ရောက်အောင် တွန်းပို့ အနိုင်ကျင့်လုပ်ဆောင်နေခြင်းကို လိုအပ်သလို ပြန်လည်စိစစ်ပေးပါရန် တင်ပြတောင်းဆို အပ်ပါသည်။


မြေယာသိမ်းဆည်းခံ ပအိုဝ်း တောင်သူများ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)