MNP - ဩဂုတ် ၆
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် တို့ကိုရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု(အခမဲ့) ဆိုင်ကယ်ပြင်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကယ်ကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတက်ရောက်သူများ လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ယခုလိုကျေးရွာအရောက် (အခမဲ့)ဆိုင်ကယ်ပြင်သင်တန်း လာရောက်ဖွင့်လှစ် သင်ကြားပေးသည့်အတွက် သင်တန်း သားများ ကုန်ကျစရိတ်သက်သာပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိမည် ဖြစ်သည့်အတွက် သင်တန်းကိုပြီးဆုံးအောင်တက်ကြဖို့မှာကြားသည်။
ဆက်လက်၍ ပဲခူးမြို့မှလာရောက်သင်ကြားပေးသည့် သင်တန်းဆရာဦးနောင်နောင်က သင်တန်းပို့ချပေးမည့် ဘာသာရပ်နှင့် သင်ကြားပေးမည့်အစီအစဉ်များအား ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက သင်တန်းသားများအား ဆိုင်ကယ်ပြင်သင်တန်း တွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၂၅)ဦးအား ဆိုင်ကယ်တစ်စီး၏ အင်ဂျင်အစိတ်အပိုင်းများ ပြုပြင်တပ်ဆင်ခြင်း၊ ဝါယာရိန်းလိုက်နည်း၊ ဘော်ဒီပြုပြင်ခြင်းများကို စာတွေ့/လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ်လ(၅)ရက် မှ (၁၉)ရက်နေ့အထိ (၁၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment