MNP - ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စု၊ ကျောက်ရှပ်ကျေးရွာ ရေး- ထားဝယ်သွားကားလမ်းမကြီးဘေးရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမဆောင်၌ ယမန်နေ့နံနက် ၈ နာရီက ကရင်ရိုးရာဓလေ့ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားဖွင့်ပွဲတွင် ရေဖြူမြို့နယ် ရေပုံးကျေးရွာမှ ဖဒိုစောအာကာလင်းက အဖွင့်အမှာစကား ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာမှ ကရင်ရိုးရာဓလေ့ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို စောသားသက်အောင်က ဖတ်ကြားသည်။
ထို့နောက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အမှာစကားပြောကြားပြီး ကရင်ရိုးရာဓလေ့ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်အဓိပ္ပါယ်ကို နော်သင်္ကြန်အေးမှ ပိုးကရင်ဘာသာဖြင့် ဖတ်ကြားကာ မြန်မာဘာသာဖြင့် စောရဲသူရိန်မှ ရှင်းလင်းဖတ်ကြားပေးသည်။
ပြီးနောက် ရေဖြူမြို့နယ် (KNU)ဥက္ကဋ္ဌ ဖဒိုစောချစ်ချစ်မှ ကရင်ရိုးရာဓလေ့ထုံးတန်းစဉ်လာအရ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်း တိုက်တွန်းနှိုးဆော်ချက်ကိုပြောကြားပြီး KNU ခရိုင်စည်းရုံးမှူး စောအော်ကော်မှ ကျေးဇူးတင်စကားပြန်လည်ပြေားကြားခဲ့သည်။
ဆက်လက်၍ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအချိန်တွင် အလံကိုင် စောတက်ဝင်းကိုနှင့် ကျွဲချိုမှုတ် ဦဆောင်သူအဖိုးနှင့် သားမြေးများက စင်မြင့်တွင်နေရာယူပြီး လိပ်ပြာခေါ်ဆုတောင်းမေတ္တာပို့သကာ သားမြေးများနှင့် တက်ရောက်သူများအား ချည်ဖြူလက်ဖွဲ့များ ရစ်ပတ်ပေးကြားသည်။
အဆိုပါအခမ်းအနားသို့ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ KNU ခရိုင်စည်းရုံးရေးမှူး ဖဒိုစောအော်ကော်၊ ရေဖြူမြို့နယ်(KNU)မှဥက္ကဋ္ဌ ဖဒိုစောချစ်ချစ်၊ စီးပွားရေးတာဝန်ခံ ဖဒိုအောင်စိုး၊ ဖဒိုစောအာကာလင်း၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြောင်း သိရသည်။
သတင်း - ခင်ခင်လဲ့
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment