MNP - ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပဒါန်းကျေးရွာအမှတ်(၂) ဓမ္မာရုံသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးကျော်စိုးက ပဒါန်းကျေးရွာမှ ဒေသခံ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးမှုအခြေအနေများနှင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှုများနှင့် ရပ်ရွာလုံခြုံရေး အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးကိုလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်း က ဒေသတွင်း စားသုံးဆီဖူလုံရေး မိုးနေကြာကို တောင်သူများ စိတ်ပါဝင်စားစွာ တိုးချဲ့ စိုက်ပျိုးကြရေးကိုလည်းကောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းက တောင်သူများ၏ ပုံစံ(၇)လက်မှတ်များ ပျောက်ဆုံး/ပျက်စီး၊ အသစ်လျှောက်ထားလိုမှုများနှင့် လယ်ယာမြေစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ မိမိတို့၏ ဌာနလုပ်ငန်းများကို အသီးသီးဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများနှင့် သိရှိလိုသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ငဖဲမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်၍ ပေါင်းစပ်ညှိနှိုင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - မယု
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment