MNP ၊ သြဂုတ် ၅
Sexy Model များ ဖြစ်တဲ့ သဉ္ဇာဝင့်ကျော် နဲ့ နန်းမွေစံ တို့ကို မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗွီဒီယိုများ လူမှုကွန်ရက်တွင် အခကြေးငွေယူ၍ ဖြန့်ဝေခဲ့သဖြင့် ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း ယနေ့ ၅-၈-၂၀၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သဉ္ဇာဝင့်ကျော် ကတော့ အမေရိကန်နိုင်သား Mr. Rafal ဦးစီးတည်ထောင်ထားတဲ့ Exantria Website မှာ လိင်အသားပေး ဓာတ်ပုံများနှင့် ဗွီဒီယိုများ တင်ရန် Thin Zar Wint Kyaw အမည်ဖြင့် အကောင့်ဖွင့်လှစ်ထားပြီး website တည်ထောင်သူက ၂၅ ရာခိုင်နှုန်း၊ Post တင်သူက ၇၅ ရာခိုင်နှုန်း ခွဲဝေရရှိတာကို စိစစ်ဖော်ထုတ် တွေ့ရှိထားပါတယ်။
နန်းမွေစံကတော့ ပြည်ပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ချိတ်ဆက်ပြီး R2P ဝင်ဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများနဲ့ ရခိုင်ပြည်နယ်က ခိုးဝင်ဘင်္ဂလီများကို လူမျိုးတုန်း သတ်ဖြတ်နေပါတယ်ဆိုတဲ့ ရုပ်သံထုတ်လွှင့်ပေးပြီး ငွေရှာခဲ့သူလည်း ဖြစ်ပါတယ်။
သူနဲ့ ပတ်သက်လို့ ဖော်ထုတ်တွေ့ရှိချက်ကတော့ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလလောက်က စပြီး အိန္ဒိယနိုင်ငံထုတ် အလှကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ Mrs. Kumar ၏ ချိတ်ဆက်ပေးမှုဖြင့် Exantria Website ပိုင်ရှင် Mr. Rafal နှင့် ရင်းနှီးခဲ့ကြောင်း၊ Mr. Rafal ၏ onlyfans website တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗွီဒီယိုများအား အခကြေးငွေရယူ၍ တင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် Mr. Rafal နှင့် ထပ်မံချိတ်ဆက်ခဲ့ပြီး Exantria website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗွီဒီယိုများ ထပ်မံပေးပို့၍ post တင်ခဲ့ကြောင်း၊ post တင်သူက ၇၀ ရာခိုင်နှုန်း website ပိုင်ရှင်က ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း ဖော်ထုတ် ထားပါတယ်။
စိစစ်တွေ့ရှိချက်များအရ Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ အခကြေးငွေယူကာ ဖော်ပြနေသော သဉ္ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အပြင် အခြားသော လိင်အသားပေးမော်ဒယ်များလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာအမျိုးသမီးများ စောင့်ထိန်းလိုက်နာအပ်သော ဟီရိသြတပ္ပတရား ကင်းမဲ့စွာဖြင့် မြန်မာယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများအား ကမ္ဘာ့အလယ်တွင် အထင်အမြင်သေးစေနိုင်သည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် သဉ္ဇာဝင့်ကျော်နှင့် နန်းမွေစံ တို့ (၂)ဦးကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အရ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။
သဉ္ဇာဝင့်ကျော် နှင့် နန်းမွေးစံ တို့ ကဲ့သို့ မြန်မာအမျိုးသမီးများ၏ အရှက်နှင့် ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် ကိစ္စရပ်မျိုး လုပ်ဆောင်လျက်ရှိသူများကိုလည်း စိစစ်ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
https://t.me/MyanmarNationalPost


No comments:
Post a Comment