MNP - ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၉၉၈၀,၀၀၀/-) ဖြင့် အမှတ်(၁)ရပ်ကွက်၊ အောင်သပြေလမ်း အပိုင်း (၁) အား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇွန်လပထမပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းသည် အရှည် (၂၀၀) ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသနေပြည်သူ များသည် နွေရာသီကာလတွင်သာ သွားလာရေးအဆင်ပြေပြီး မိုးဦးကာလရောက်လျှင် တောင်ကျရေ များ စီးဆင်းရာမှ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ပေါ်မှုကြောင့် ယခင်မြေသားလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မြို့သန့်ရှင်းသာယာလှပပြီး အများပြည်သူများ၏ လူနေမှု ဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် လာမည့်ဘဏ္ဍာနှစ်တွင်လည်း ခွင့်ပြုရန်ပုံငွေများ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇင်လေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment