MNP - သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ပုံပြောခြင်းများကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်း အမှတ်(၁)၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့နှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ကျောင်းသူ စာဖတ်ပရိသတ်များအတွက် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း စသည့်စာအုပ်ပေါင်း (၁၅၀)ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် အတွေးအခေါ်မြင့်မားလာစေဖို့ "စာဖတ်ခြင်း၏ အကျိုးကျေးဇူး”ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ ပုံပြင်ဖတ်ရှုပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ငှားရမ်းလေ့လာခဲ့ကြောင်း သိရသည်။
သတင်း - စိမ်းလဲ့
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment