MNP - ဩဂုတ် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဇီဖြူပင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများအား စက်မှုလယ်ယာ ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီတွင် သတ်မှတ်စိုက်ခင်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဘဝများဖွံဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာ ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ အားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ပူးပေါင်းကာ ကြိုးစား ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်း အသုံးပြုကြဖို့လိုကြောင်း၊ သီးနှံထွက်ကုန်များ အရည်အသွေး ကောင်းမွန်စေရေးဆောင်ရွက်မှုနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသွယ်မောင်မောင်ထွန်း က ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက မိုစပါးအထွက်နှုန်း တိုးတက်ရေးအတွက် လုပ်ဆောင်ရမည့် အချက်များအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ အားတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများအား လှည့်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတင်း - ဇော်မင်းလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment