MNP - ဩဂုတ် ၂၂
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ် စာရေးဆရာအသင်း တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်၊ မြို့နယ်စာရေးဆရာအသင်းနာယက ဦးလှဘော် (မအူပင် လှဘော်)၊ ဥက္ကဋ္ဌ ဦးထွဏ်းလှအောင် (မိုးဇော်အောင်) နှင့် မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အသင်းနာယက ဦးလှဘော် (မအူပင်လှဘော်) က အဖွင့်အမှာစကား ပြောကြားပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ဥက္ကဋ္ဌဦးထွဏ်းလှအောင် (မိုးဇော်အောင်) မှ တတိယအကြိမ် စာရေးဆရာအသင်း ညီလာခံအတွေ့အကြုံ ရှင်းလင်းတင်ပြပြီး စာရေးဆရာ ဦးမောင်မောင် (မောင်မောင် မန်းတက္ကသိုလ်) က မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ပေးပို့သောညွှန်ကြားစာများအား ဖတ်ကြားကာ ဥက္ကဋ္ဌဦးထွဏ်းလှအောင်က မြို့နယ်စာရေးဆရာအသင်းဝင် နှစ်ဦးအား အသင်းဝင် အသိအမှတ်ပြုကတ်ပြားများ ပေးအပ်သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စာရေးဆရာများမှ မြို့နယ်စာရေးဆရာအသင်းနှင့်ပက်သတ်၍ အထွေထွေအကြံပြုချက်များ ဆွေးနွေးညှိနိုင်းခဲ့ကြပြီး အသင်းနာယက ဦးလှဘော် (မအူပင်လှဘော်) က နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
သတင်း - မြင့်မော်ထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment