MNP - ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများ အပင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းကာ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နှမ်းစိုက်ပျိုးရာတွင် မြေကိုညက်အောင် ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ် အမျိုးမျိုး စိုက်ပျိုးနိုင်၍ ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧက နှမ်းမျိုး (၃)ပြည်ခန့်၊ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးပါက နှမ်းမျိုး(၂)ခန့် အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီး (၁၈)ရက်အကြာတွင် ပေါင်းနှုတ်ခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ လိုအပ်ပါက ဆေးဖျန်းခြင်း၊ ပုလဲမြေဩဇာ သင့်တင့်စွာ ကျွေးပေးရကြောင်းနှင့် နှမ်းတစ်ဧတွင် အပင်အပြုအစု၊ ရာသီဥတုနှင့် မြေအမျိုးအစားအပေါ် မူတည်ပြီး တစ်ဧက(၁၄)တင်းမှ (၂၀)တင်း အထိ ထွက်ရှိကြောင်း မြောင်းဦးကျေးရွာမှ တောင်သူဦးမောင်ဌေးက ပြောပြသည်။
နှမ်းများ ရိတ်သိမ်းရာတွင် တလင်းနှမ်း (မြေပြင်တွင်အပင်လိုက် လှမ်းသည့်နှမ်း)နှင့် ထောင်နှမ်း (အပင်များစုစည်းပြီး သုံးပွင့်ဆိုင်ထောင်သည့်နှမ်း) ဟူ၍ နှစ်မျိုးရှိကြောင်း၊ တလင်းနှမ်းသည် မြေပြင်တွင် လှန်းသဖြင့် ထောင်နှမ်းမျိုးနှင့် ယှဉ်ပါက သန့်ရှင်းမှုနည်းသောကြောင့် ရောင်းချရာတွင် အနည်းငယ်ဈေးလျော့ကြောင်းနှင့် နှမ်းတစ်တင်းပေါက်ဈေးမှာ ငွေကျပ်(၇၇၀၀၀)ဖြင့် ရောင်းရပြီး ဆီကြိတ်ရောင်းချပါက (၇)ပိဿာခွဲ ရရှိကာ ရောင်းဈေးအနေဖြင့် တစ်ပိဿာ တစ်သောင်းကျပ် ရောင်းချရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment