MNP ၊ ဩဂုတ် ၂၀
ကြယ်နီလှမြင့် ဖောင်ဒေးရှင်းမိတ်ဆက်ပွဲနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ဘာသာတွဲအလိုက် ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး၊ New World Restaurant ၌ ကျင်းပသည်။
ရှေးဦးစွာ ကြယ်နီလှမြင့်ဖောင်ဒေးရှင်း၏ စီမံခန့်ခွဲရေးကော်မတီဝင်များအား တစ်ဦးချင်း မိတ်ဆက်ပေးပြီး ဖောင်ဒေးရှင်းနာယကအဖွဲ့ဝင် ဦးထွန်းအောင်ရွှေ(စာရေးဆရာ- စစ်တွေညိုသန့်)က အဖွင့်အမှာစကားပြောကြားကာ ဖောင်ဒေးရှင်းတည်ထောင်သူ ဦးလှမြင့်(ကြယ်နီလှမြင့်)က ဖောင်ဒေး ရှင်းတည်ထောင်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ဘာသာတွဲအလိုက် ရခိုင်ပြည်နယ်မှ အမှတ်အများဆုံး ပထမဆုရရှိသူများအား ဖောင်ဒေးရှင်း နာယကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ထူးချွန်ဆုရ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ ဖောင်ဒေးရှင်းသို့ အလှူငွေများ ထည့်ဝင်လှူဒန်းထားသော စေတနာရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး ဖောင်ဒေးရှင်း မိတ်ဆက်ပွဲသို့ တက်ရောက်လာကြသော စာပေအသိုင်းအဝိုင်းနှင့် မီဒီယာများမှ ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုခြင်းများကို ဖောင်ဒေးရှင်း နာယကများနှင့် ကြယ်နီလှမြင့် ဖောင်ဒေးရှင်း တည်ထောင်သူ ဦးလှမြင့်တို့က ပြန်လည်ဆွေးနွေးဖြေ ကြားခဲ့ကြကာ နာယအဖွဲ့ဝင် ဦးကောင်းစံရွှီ (စာရေးဆရာ ကျွန်းသားငမန်း)က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ကြယ်နီလှမြင့်ဖောင်ဒေးရှင်းကို ရခိုင်ပြည်နယ်အတွင်း ပညာထူးချွန်သော မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်၊ ရခိုင်ပြည်နယ်အတွင်း ပညာရေးအတွက် လိုအပ်သော နေရာများတွင် ထောက်ပံ့ ကူညီပေးရန်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု မပျောက်ပျက်အောင် ရေးသေားဖော် ထုတ်ထိန်းသိမ်း နိုင်သည့် ရခိုင်ပြည်နယ်မှ စာပေပညာရှင်များ ပေါ်ပေါက်လာစေရန် ရည်မှန်းချက်ဖြင့် တည်ထောင်ခြင်း ဖြစ်ပြီး တည်ထောင်သူ ဦးလှမြင့်က ငွေကျပ်သိန်း(၁၀၀) ဖြင့်စတင်ထူထောင်ကာ စေတနာရှင်အလှူ ရှင်များ၏ ထည့်ဝင်ငွေဖြင့် ဖောင်ဒေးရှင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့ ဆုချီးမြှင့်ပွဲတွင်လည်း ထူးချွန်ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုငွေ ငါးသိန်းကျပ် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost





No comments:
Post a Comment