MNP ၊ ဩဂုတ် ၈
အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၂)ခု၊ ကြေးတံဆိပ်(၁၇)ခု၊ နိုင်ငံအလိုက်အဆင့်(၆) ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအောင်ပွဲရ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့သည် ယနေ့နံနက် ၅ နာရီခွဲက မြန်မာအမျိုးသားလေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။
အဆိုပါ အားကစားအဖွဲ့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ အားကစားသမားများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၁၁)ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၂)ခု၊ မသန်စွမ်းဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ မြားပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊ စုစုပေါင်း ဆုတံဆိပ်(၄၃)ခုရရှိပြီး၊ မသန်စွမ်းဘော်လီဘောနှင့် မျက်မမြင်ဂိုးလ်ဘောအားကစားမှာ ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ရသည်။
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇွန်လတွင် အိမ်ရှင်အဖြစ် ကမ္ဘောဒီးယား နိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment