MNP - သြဂုတ် ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရန်ပုံငွေပေးအပ်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၅) ယူနစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) (၆) ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (၂၀၇) ရွာ၊ Cash For Work စီမံကိန်း (၂၀) ရွာနှင့် ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်း (၃) ရွာ စုစုပေါင်း (၂၄၁) ရွာ အတွက် ပြည်ထောင်စု ရန်ပုံငွေမှ ကျပ်သိန်း (၂၄၉၀၀)နှင့် ပြည်နယ်ရန်ပုံငွေမှ ကျပ်သိန်း (၉၀၀) စုစုပေါင်း ကျပ်သိန်းပေါင်း (၂၅၈၀၀) ကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် တစ်ပြည်လုံးတွင် ကျေးရွာ (၆၇၈) ရွာအတွက် ပြည်ထောင်စု ရန်ပုံငွေမှ ကျပ်သိန်း (၇၁၅၀၀) နှင့် ပြည်နယ် ရံပုံငွေမှ ကျပ်သိန်း (၁၈၀၀) စုစုပေါင်း ကျပ်သိန်းပေါင်း (၇၃၃၀၀) ကို လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိ ဘဏ္ဍရေးနှစ်တွင်လည်း ကျေးရွာများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသော ကုန်ထုတ်လမ်း (၆၅) မိုင်၊ ကုန်ထုတ်တံတား (၉၀) စင်းကို ဆောင်ရွက်လျက်ရှိပြီး သောက်သုံးရေ လုံလောက်စွာ ရရှိစေရေးအတွက် ကျေးရွာ (၉၅) ရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်း (၁၁၂) ခုနှင့် ကျေးလက် ဒေသများတွင် လျှပ်စစ်မီး ရရှိစေရေးအတွက် ကျေးရွာ (၃၂၇) ရွာတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်း (၈၇၄၁) ခုကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် ပြည်ထောင်စု ရန်ပုံငွေမှ ကျပ်သိန်းပေါင်း (၄၆၇၇၉.၅၅)နှင့် ပြည်နယ် ရန်ပုံငွေမှ ကျပ်သိန်းပေါင်း (၂၄၁၉၆.၁၂) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာများ၏ လိုအပ်ချက်များကို ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဇော်မြင့်ထွန်းမှ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရန်ပုံငွေများ ချီးမြှင့်ပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDp) တစ်ယူနစ်အတွက် ရံပုံငွေ ကျပ်သိန်း (၁၀၀) အား ရှမ်းပြည်နယ် (မြောက်ပိုင်း ) ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးကျော်မှ လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDp) တစ်ယူနစ်အတွက် ရန်ပုံငွေ ကျပ်သိန်း (၁၀၀) အား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း တစ်ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း (၃၀၀) အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း တစ်ယူနစ်အတွက် ရံပုံငွေကျပ်သိန်း (၃၀၀) အား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) (၆) ယူနစ်အတွက် ရန်ပုံငွေ ကျပ်သိန်း (၇၀၀) အား ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ကျေးလက်စီးပွားမြှင့်မားရေး ရံပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း (၃) ယူနစ်အတွက် ရန်ပုံငွေကျပ် သိန်း(၉၀၀) အား ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ Cash For Work (၂၀) ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း (၂၀၀၀) အား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDp) (၂၀၅) ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း (၂၀၅၀၀) အား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ ဆင်းရွှေလီ ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေ ကျပ် (၁၀) သိန်း ကို ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အလှူငွေကျပ် (၄၃၂၉၀၀၀) ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ အလှူငွေကျပ် (၁၀)သိန်းတို့ကို အသီးသီးပေးအပ်ရာ ဘိုးဘွားရိပ်သာ ကော်မတီအဖွဲ့ဝင် တာဝန်ရှိသူတို့က လက်ခံရယူ၍ ဘိုးဘွားများအား လားရှိုးမြို့နယ် ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ ဆေးကုသခံယူရန်အတွက် အခန်းများ ပြင်ဆင် ထားမှုနှင့် အဖိုးအဖွားများ နေ့လည်စာ စားသုံးမှုကို လှည့်လှည်ကြည့်ရူခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆင်းရွှေလီ ဘိုးဘွားရိပ်သာတွင် အဘိုး (၉)ဦး၊ အဖွား (၁၉) ဦး ရှိကြောင်း သိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment