MNP - ဩဂုတ် ၁၉
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မြို့သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ ည ၇ နာရီက ရပ်ကွက်များအတွင်း မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များအား လှည့်လည်အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်ဖြစ်သည့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ် ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေခြင်း၊ အဆိုပါ လေပွေလှိုင်းသည် ပိုမို အားကောင်းလာပြီး၊ နောက်(၂၄) နာရီအတွင်းဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အဖြစ်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရခြင်း၊ အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့မှစ၍ (၂၀.၈.၂၀ ၂၂) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ခြင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ခြင်း၊ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိ နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး ကြိုတင်သတိပြုနိုင်ပါရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးနှိုးဆော်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ချောင်းသာမြို့ မြို့အုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေမီးသတ် တပ်ဖွဲ့၊ ပြန်/ဆက်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ကျော်ကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment