MNP ၊ ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများကို ဩဂုတ်လ ၂ ရက်နေ့တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်(၃၅၁) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၅၅)ဦး တို့အား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့ ယနေ့တွင် ဆက်လက် ဆောင်ရွက်ပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး) နှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment