MNP - ဩဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီက အမှတ်(၂)ရပ်ကွက်၊ အထက(နမ့်စန်)ဘောလုံး ကွင်းတွင် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ တတိယလုပွဲအဖြစ် အထက-ခွဲ(လေတပ်) ဘောလုံးအသင်းနှင့် အထက(မြို့မ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အထက-ခွဲ(လေတပ်)အသင်း က ၃ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ဆက်လက်၍ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အထက-ခွဲ (၅ရပ်ကွက်)ဘောလုံးအသင်းနှင့် အထက (ခိုလမ်)ဘောလုံးအသင်း တို့ယှဉ်ပြိုင်ခဲ့ရာ အထက(ခိုလမ်)အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ရှေးဦးစွာ နေရာအလိုက်အကောင်းဆုံး ဆုရအားကစားသမားများကို ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးစန်းယုဆွေ၊ ခိုလမ်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် နှင့် နမ့်စန်မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးဇော်မင်းထွန်း တို့က ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တတိယဆုရရှိသော အထက-ခွဲ(လေတပ်)အသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ တတိယဆုဖလားနှင့် ဆုငွေ ၂ သိန်းကျပ်ကို ချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိသော အထက-ခွဲ(၅ရပ်ကွက်)အသင်းကို မြို့နယ် ပညာရေးမှူး ဦးမြင့်လွင်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဒုတိယဆုဖလားနှင့် ဆုငွေ ၃ သိန်းကျပ်ကို ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပထမဆုဆွတ်ခူးသွားသော အ.ထ.က (ခိုလမ်) အသင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ပထမဆုဖလား ကြီးနှင့် ဆုငွေ ၅ သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - သူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment