MNP - ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတက္ကသိုလ်၊ မူဆယ်ဆောင်တွင်ဖွင့်လှစ်လျက်ရှိသည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စားသုံးသူရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက “ကုန်အညွှန်းအမှတ်အသားနှင့်ဝန်ဆောင်မှုအကြောင်း” နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ ကုန်စည်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချပါက ကုန်ပစ္စည်းပေါ်တွင်ဖော်ပြရန် လိုအပ်မည့်အချက်များ၊ ဟင်းသီးဟင်းရွက်ဆီ ဖြန့်ဖြူးရောင်းချပါက လိုက်နာရမည့်အချက်များကို ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မူဆယ်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ ဟိုပန်၊ တန့်ယန်းမြို့တို့မှ ဟိုတယ်ဝန်ထမ်း (၁၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရှမ်း/မြောက်ဇုန်)မှ ကြီးမှူးကျင်းပဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့ထိ ရက်သတ္တနှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment