MNP - ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်းက ရေကြည်မြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ပွဲ၊ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကျင်းပခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်း (ရေကြည်မြို့နယ်)ဥက္ကဋ္ဌ စာရေးဆရာ သိန်းဇော် (ရွှေလီဦး)က မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နာယကအဖြစ် ဦးဝင်းနိုင်(ရွှေရဲလှ)၊ ဥက္ကဋ္ဌအဖြစ် ဦးသန်းလွင် (သိန်းဇော်ရွှေလီဦး)၊ အတွင်းရေးမှူး ဦးအောင်ကျော်သူ (လွမ်းမျိုးဦးစကားဝါမြေ)တို့ ပါဝင်သော မြို့နယ်စာရေးဆရာ အလုပ်အမှုဆောင်အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင် ဒေသခံ ပြည်သူများ စုပေါင်း၍ စာရေးဆရာမခင်စောတင့်၏ ခက်ခဲကျပ်တည်းသော အချိန်မှာ စိတ်ချမ်းမြေ့စရာ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထို့နောက် ငါးသိုင်းချောင်းမြို့ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များကို စာအုပ်စာပေလေ့လာမှု ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာအုပ်ပြပွဲကျင်းပခဲ့ရာ အခမ်းအနား တက်ရောက်လာသူများက လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အများပြည်သူ အရွယ်သုံးပါးမရွေး အသိပညာဗဟုသုတကို စာပေ၌လေ့လာရှာဖွေဖတ်ရှုသည့် အလေ့အထများ ပိုမိုရရှိလာစေရန်၊ စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူထုအခြေပြုဗဟိုဌာန၌ အများပြည်သူ ဝင်ထွက် သွားလာ၍ အသိပညာ၊ အတတ်ပညာဗဟုသုတများ အလွယ်တကူရှာဖွေရရှိစေရန် ရည်ရွယ်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရသည်။
သတင်း - စိုးမင်းဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment