MNP - ဩဂုတ် ၁၉
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်သည့်အတွက် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်တို့က ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ Command Post မှ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လမ်းညွှန် မှာကြားကြသည်။
ရှေးဦးစွာ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အခြေအနေနှင့် နောက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ မိုးလေဝါသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသော အခြေအနေ များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မုန်းတိုင်းအန္တရာယ်အကြောင်း သိကောင်းစရာများအား ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေနေမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မိုးလေဝသသတင်းများအား ပြည်သူ များသို့ အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာနိုင်ရေး၊ ဆက်သွယ်ရေး၊ ရှာဖွယ်ကယ်ဆယ် လုပ်ငန်းများ အသင့်အနေထားဖြင့် ဆောင်ရွက်ထားနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးက ခရိုင်နှင့်မြို့နယ်များအလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ အသင့်ဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများစုဆောင်ထားရှိမှု၊ ခိုလှုံရာနေရာများတွင် အလံများ စိုက်ထူထားရှိရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ပေါ့ပေါ့ဆဆနေ၍ မရပါကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအပေါ်တွင်မည်သို့ စီစဉ်ကြရမည်ကို ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပေးအပ်ထားသည့် တာဝန်အပေါ်တွင် စေတနာထားကာ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေပေါ်တွင် ချက်ချင်းတုံ့ပြန်နိုင်အောင် ဆောင်ရွက်ထားကြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း အချိန်နှင့်တပြေးညီ တင်ပြပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားသည်။
ယင်းနောက် Video Conferencing စနစ်ဖြင့် တက်ရောက်လျက်ရှိသော ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများက ခရိုင်အလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area)နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများက မုန်တိုင်းသတိပေးကြော်ငြာခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ၊ မုန်တိုင်းအန္တရာယ်အကြောင်း သိကောင်းစရာများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
သတင်း - တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment