MNP ၊ ဩဂုတ် ၁၇
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံး မြို့နယ်၊ ရေဖြူကျေးရွာနေ ညီမောင်ထွေးသည် ၎င်းအသုံးပြုသည့် “Nyi Mg Htwe” Facebook အကောင့်၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာနေ ခင်နွယ်ဦး(ခ) မော်ဒယ်သည် ၎င်းအသုံးပြုသည့် “Khin New Oo” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၁)ရပ်ကွက်၊ မယ်ဇလီပင်စုရပ်နေ မျိုးလွင်ဦး(ခ) ဗိုလ်ရွှေခြံသည် ၎င်းအသုံးပြုသည့် “Myo Lwin Oo” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ အလယ်စုကျေးရွာနေ ထွေးဝင်းအောင် (ခ) ကိုထွေးသည် ၎င်းအသုံးပြုသည့် “Htwe Win Aung” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်နေ လရိပ်မင်းသည် ၎င်းအသုံးပြုသည့် “Layeik Min” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်း/မြောက်ရပ်ကွက်နေ အောင်သူရ(ခ) ဖိုးသားသည် ၎င်းအသုံးပြုသည့် “Phoe Thar" Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment