အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားသည့် အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်း အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားသည့် အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်း အောင်မြင်ဖြစ်ထွန်း



MNP - စက်တင်ဘာ  ၁၈


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ယခုနှစ်မိုးရာသီတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်အတွက် အကောင်အထည်ဖော် စိုက်ပျိုးထားရှိသည့် ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီး ပန်းဆေးကန်ဘုရားအနီး အထူးစိမ်းလန်း စိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းမှာ ယခုအခါ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရကာ ယမန်နေ့က မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများက အရိပ်ရပင်များ ပိုမိုရှင်သန် ဖွံ့ဖြိုးစေရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အကောင်အထည် ဖော် စိုက်ပျိုးထားသည့် အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းတွင် ကျွန်း ၊ ယူကလစ် ၊ ဝါး ၊ ခရေ ၊ တမာ ၊ မဲဇလီ ၊ သစ်စိမ့် ၊ စိန်ပန်း ၊ မြန်မာကုက္ကို ၊ ရေတမာ စတဲ့ အရိပ်ရသစ်ပင်ကြီး(၁၀)မျိုး အပင်ရေအတွက် စုစုပေါင်း ၁၆၅၀ ပင် စိုက်ပျိုးကြောင်း ၊ အရိပ်ရပင်များ စိုက်ပျိုးရာတွင် ကျွဲ ၊ နွား တိရစ္ဆာန်များကြောင့် ထိခိုက်မှု မဖြစ်စေရေးအတွက် ခြံဝန်းခတ်၍ စနစ်တကျ စိုက်ပျိုးဆောင်ရွက်ထားကြောင်းနှင့် ယခုအခါ အရိပ်ရပင်များမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  ယမန်နေ့က မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းရှိ အရိပ်ပင်များ ပိုမိုရှင်သန် ကြီးထွား ဖွံ့ဖြိုးစေရေးအတွက် စိုက်ခင်းအတွင်း ပေါင်းမြက်များ ရှင်းလင်းခြင်း ၊ မြေဩဇာကျွေးခြင်းနှင့် ရေလောင်းခြင်း လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည် ကောင်းမွန်စေရန် ရည်ရွယ်၍ ယူကလစ် ၊ ကျွန်း ၊ ကံ့ကော် ၊ ရှား ၊ တမာ ၊ ဝါး ၊ မဲဇလီ ၊ ကုက္ကို ၊ ရေတမာ ၊ ခရေ ၊ ပိန္နဲ ၊ ကဗွီး ၊ မန်ဂျန်ရှား စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင် အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ကျေးလက်ဒေသစိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် ရေဝေရေလဲ စိုက်ခင်းများ စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်လျက်ရှိကြောင်း သိရသည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)