ငွေကြေးခဝါချမှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ကျူးလွန်ထားသော ငွေကြေးပိုင်ဆိုင်မှုပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းနိုင်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးခဝါချမှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ကျူးလွန်ထားသော ငွေကြေးပိုင်ဆိုင်မှုပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းနိုင်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြောကြား



MNP ၊ စက်တင်ဘာ ၁၉

မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း လိုအပ်ချက်၊ အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောကြားသည်။


ထို့ပြင် မူးယစ်ဆေးဝါးမှု၊ အဂတိလိုက်စားမှု၊ နယ်စပ်ဖြတ်ကျော်မှောင်ခိုမှုများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ပိုမိုသိရှိနားလည်ရန်၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များတွင် ငွေကြေးခဝါချမှု ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု ကွင်းဆင်း/ ရုံးထိုင်စစ်ဆေးမှုများဆောင်ရွက်ရန်၊ ဟွန်ဒီလုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုကြီးကြပ်ဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှုဆိုင်ရာ သံသယဖြစ်ဖွယ် သတင်းပို့ချက်များ ပိုမိုဖော်ထုတ်ရန်၊ မှုခင်းများကို စုံစမ်းစစ်ဆေးရာတွင် ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးခြင်း ကိုပါ တစ်ပြိုင်တည်းတိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ကျူးလွန်ထားသော ငွေကြေးပိုင်ဆိုင်မှုပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းနိုင်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်၊ မှုခင်းများတွင် သိမ်းဆည်းထားသော ငွေကြေးနှင့်ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်းမိန့်ချမှတ်သည်အထိ တန်ဖိုးလျော့နည်းမှုမရှိစေရေး ဆောင်ရွက်ရန်၊ လူအများအပြားသေကြေ စေနိုင်သည့် လက်နက်များပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။


ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပစဉ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဥပဒေမူဘောင်များ တောင့်တင်း ခိုင်မာစေရန် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။


၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် Financial Action Task Force–FATF က မြန်မာနိုင်ငံကို တိုးတက် ဆောင်ရွက်မှုများစောင့်ကြည့်မည့် နိုင်ငံနှင့်ဒေသများ (Grey List) စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ဆောင်ရွက်ချက်များကို အာရှ-ပစိဖိတ်ဒေသပူးတွဲအဖွဲ့ (Asia Pacific Joint Group–APJG) သို့ တိုးတက်မှု အစီရင်ခံစာ (၄) လ (၁) ကြိမ်ပေးပို့ရခြင်း၊ မျက်နှာချင်းဆိုင် အစည်းအဝေးများတက်ရောက်ရခြင်း၊ စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက် တိုးမြှင့်ပေးနိုင်ရေးနှင့် (Asia-Pacific Group On Money Laundering-APG) သို့ (၁) နှစ်လျှင် (၁) ကြိမ် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်မှု အစီရင်ခံစာပေးပို့ခဲ့ကြောင်း။


မိမိတို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် FATF ၏ အကြံပြုချက်အချို့တွင် စံနှုန်းတိုးတက် ကောင်းမွန်မှုများ ရရှိပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံပါ တိုးတက်ဆောင်ရွက်ချက်များကို APJG သို့ (၆)ကြိမ်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ပထမအကြိမ် တိုးတက်မှုအစီရင်ခံစာတွင် အစီအမံ(၁၅)ချက်အ‌ပေါ် တိုးတက်မှုပေးပို့ခဲ့ရသော်လည်း ပဉ္စမအကြိမ်မှစ၍ (၁၁)ချက်၏ တိုးတက်မှုများကို ပေးပို့ခဲ့ကြောင်း။


ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ၊ ပိုင်ဆိုင်မှုသိမ်းဆည်း ခြင်းများအပါအဝင် အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်ဆောင်ရွက်ရန် FATF က တိုက်တွန်းထားကြောင်း။


ထို့နောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဝင်များနှင့်အစည်းအဝေးသို့ တက်ရောက် ကြသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းလိုက်သည်။


အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ဦးစန်းလွင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)