MNP ၊ စက်တင်ဘာ ၁၉
ကန့်ဘလူမြို့နယ်၊ မြေထူးအုပ်စု၊ မှော်တော်ကျေးရွာ အလယ်တန်းကျောင်းအား ရွာသူရွာသားများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးရာငါးဆယ်ဆရာတော် ဦးဝါသဝ က "ကန့်ဘလူမြို့နယ် မြေထူးအုပ်စု မှော်တော်ကျေးရွာ အလကစာသင်ကျောင်းသား/သူလူဦးရေ (၃၆၉) ယောက်တိတိရှိပါတယ်။ ကျေးရွာသူ/သားများ စုပေါင်းပြီး စာသင်ကျောင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။ မှော်တော်ကျေးရွာသည် ဘာသာခြားအိမ်ခြေ ၈၀၀ ကျော်နှင့် ဗုဒ္ဓဘာသာအိမ်ခြေ ၄၇ အိမ် ဖြစ်ပါတယ်။ ဘာသာမတူပေမယ့် ရွာသူ ရွာသားများ ညီညီညွတ်ညွတ်နေထိုင်ပြီး ရပ်ကျိုးရွာကျိုးကို စုပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။" ဟု မိန့်ကြားသည်။
ဆရာတော်က "အစောပိုင်းတုန်းကတော့ နိုင်ငံရေးလှုံ့ဆော်မှုတွေကြောင့် လမ်းပေါ်ထွက်တာမျိုးတွေ ရှိခဲ့တာပေါ့၊ ဘုန်းကြီးက မလုပ်ကြဖို့ ပြောတယ်။ စိန်ခေါ်ရင်လည်း ဘုန်းကြီးက ရင်းရဲတယ်။ တစ်ရာနဲ့ တစ်ယောက် ရင်းမှာ။ အဲဒါမျိုး ဘုန်းကြီးက ပြန်ပြီး ခပ်ကြမ်းကြမ်းလေး လုပ်ခဲ့ရတာလည်း ရှိပါတယ်။ အခုနောက်ပိုင်းတော့ အေးချမ်းသွားကြပါပြီ။ နိုင်ငံရေးကို အကြောင်းပြုပြီး ဆူတာပူတာလည်း မရှိကြတော့ပါဘူး။" ဟု မိန့်ကြားသည်။
မှော်တော်ကျေးရွာတွင် စာသင်ကျောင်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့ပြီး အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့ပြီး ကျောင်းမထားသည့် မိဘများကိုလည်း ကျောင်းထားအောင် စည်းရုံးခဲ့ရကြောင်း၊ ကျေးရွာအတွင်း ရွာသူရွာသားအချင်း နိုင်ငံရေးကို အကြောင်းပြု၍ ဖန်တီးလာနိုင်သည့် ပြဿနာများကိုလည်း ထိန်းသိမ်းခဲ့ရပြီး ကျေးရွာအတွင်း အေးချမ်းတည်ငြိမ်အောင် နှစ်ဘာသာ ညီညွတ်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေနိုင်ခြင်းဖြစ်ကြောင်း ဆရာတော် က မိန့်ကြားသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment