နိုင်ငံရေးလှုပ်ရှားသူနှင့် နိုင်ငံရေးလုပ်စားသူ ကွဲကွဲပြားပြားသိစေဖို့ (အပိုင်း-၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးလှုပ်ရှားသူနှင့် နိုင်ငံရေးလုပ်စားသူ ကွဲကွဲပြားပြားသိစေဖို့ (အပိုင်း-၁)


ပြည်သူတွေအနေနဲ့က နိုင်ငံရေးကို အစဉ်သဖြင့် လေ့လာနေသူများမဟုတ်လေတော့ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ သဘောသဘဝကို မှန်ကန်စွာ မသိကြဘူး။ မှန်ကန်စွာ မသိကြတဲ့အခါကြတော့ ပုဂ္ဂိုလ်ရေးရှေ့တန်းတင်ပြီး အားပေးထောက်ခံမှုတွေ လုပ်ကြတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ကောင်းကျိုးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်။ ယနေ့အချိန်မှာ နိုင်ငံရေးကို အကြောင်းပြုပြီး ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေကြတဲ့ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ သရုပ်မှန်ကို ကိုယ်တိုင် ကြုံတွေ့ခံစားနေကြရပြီဖြစ်လို့ ကွဲကွဲပြားပြား နားလည်သင့်တဲ့ အခြေအနေကိုတော့ ရောက်နေပါပြီ။ နိုင်ငံသူ နိုင်ငံသားတွေကို အသုံးချပြီး အာဏာအလွဲသုံးစားလုပ်လိုသော ကိုယ်ကျိုးရှာသူများကို နိုင်ငံရေးလှုပ်ရှားသူလို့ မဆိုနိုင်ပါဘူး။ နိုင်ငံရေးလုပ်စားသူလို့ ဆိုရင် မှန်ပါလိမ့်မယ်။


ဒီအကြောင်းအရာကို ရေးသားပြဆိုတဲ့အတွက် နိုင်ငံရေးသမားတွေအားလုံးအပေါ် အမြင်စောင်းတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဘယ်သူတွေမှာ ဘယ်လို သဘောသဘာဝရှိတယ်ဆိုတာကို သိထားရင် မိမိတို့ ပြည်သူများအနေနဲ့ ဘယ်သူတွေကို အားပေးထောက်ခံသင့်တယ်။ ဘယ်သူတွေကိုတော့ဖြင့် သတိထားစောင့်ကြည့်သင့်တယ်။ ဘယ်သူတွေကတော့ဖြင့် ပြည်သူကို အသုံးချပြီး ကိုယ်ကျိုးရှာနေပြီ။ အစရှိသဖြင့် ပိုင်းခြားဝေဖန်နိုင်ပါလိမ့်မယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်မြင့်ဖို့ လိုတယ်ဆိုတာ ဒီသဘောကို ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။ မိမိတို့ တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးအောင် လုပ်နေသူတွေကိုမှ မျက်စိစုံမှိတ်ပြီး အားပေးယုံကြည်နေမယ်ဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့ အဖြစ်မျိုးကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

အခုအချိန်အခါကြမှ ဒါတွေကို ထုတ်ဖော်ပြောဆိုခြင်းမျိုးလည်း မဟုတ်ပါဘူး။ စာရေးသူအနေနဲ့ နိုင်ငံရေးလုပ်စားသူတွေရဲ့ ပြည်သူကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့ လုပ်ရပ်တွေကို အခါအားလျော်စွာ ရေးသားတင်ပြခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာတွေက မကြာခဏ ဖျက်ချခြင်းခံရလို့သာ ပြန်လည်ရေးသား ဖော်ပြနေရခြင်း ဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်က စလို့ လူမျိုးရေးပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တယ်။ ဆရာတော် သံဃာတော်တွေလည်း မနေသာတော့ဘဲ ဗုဒ္ဓဘာသာဝင်များအတွက် တစ်ထောင့်တစ်နေရာကနေ အကာအကွယ်ဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြရတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ဥပဒေနဲ့ အကာအကွယ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်ဆောင်လာကြရတယ်။ တိုင်းပြည်ဟာ ဒီမိုကရေစီစနစ်နဲ့အတူ လွှတ်တော်ကြီးလည်း ပေါ်ပေါက်လာပြီဖြစ်တယ်။ ပြည်သူတွေရဲ့ လိုလားချက်တွေကို လွတ်လပ်ပွင့်လင်းစွာ တောင်းဆိုလို့ ရတဲ့ခေတ်အခြေအနေကို ရောက်လာတယ်။

ကမ္ဘာပေါ်မှာ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံပေါင်း (၁၃၃)နိုင်ငံ ရှိပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံအားလုံးက တစ်ပုံစံတည်း၊ တစ်သတ်မတ်တည်း အလုံးစုံတူညီတဲ့ နိုင်ငံရယ်လို့ မရှိပါဘူး။ ခရစ်ယာန်အများစုရှိတဲ့ တိုင်းပြည်တွေ ရှိသလို အစ္စလာမ်အများစု ရှိတဲ့ တိုင်းပြည်တွေ ရှိပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လူအများစုရဲ့ အားပေးထောက်ခံမှုနဲ့ ရွေးကောက်ခံရပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်တာမျိုးရှိမယ်။ ကိုယ်စားလှယ်အဖြစ် ရပ်တည်ဆောင်ရွက်နိုင်တာမျိုး ရှိမယ်။ ဒီမိုကရေစီစနစ်မှာ လူအများစုရဲ့ သဘောထားဆန္ဒကို အလေးထားရသလို လူနည်းစုရဲ့ ပြောရေးဆိုခွင့်တွေကိုလည်း ပိတ်ပင်ထားလို့ မရပါဘူး။ 

ခရစ်ယာန်ပြစ်သူအများစုရှိတဲ့ တိုင်းပြည်တွေမျာ ခရစ်ယာန်ပြည်သူများရဲ့ သဘောဆန္ဒကို အလေးထားဆောင်ရွက်ကြသလို အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ တိုင်းပြည်တွေမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ သဘောဆန္ဒနဲ့အညီ အုပ်ချုပ်ကြတာပဲ ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင် အများစုရှိတဲ့ အိန္ဒိယနိုင်ငံမှာ ဆိုရင်လည်း ဟိန္ဒူပြည်သူဝင်တွေရဲ့ သဘောဆန္ဒကို အလေးထားရတာပဲဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို တပ်မတော်ခေါင်းဆောင်များက ပညာရှင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးခဲ့တယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီစနစ်ဟာလည်း ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် တိုင်းရင်းသားဗုဒ္ဓဘာသာဝင်တွေရဲ့ ဆန္ဒသဘောထားတွေကို အလေးထားပြီး အခြားသော လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို မျက်ကွယ်ပြုမထားဘူးဆိုရင် ဒါဟာ နည်းမှန်လမ်းမှန် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

သို့ပေသော် မြန်မာပြည်မှာ ဒီမိုကရေစီစနစ် စတင်ထွန်းကားပါပြီဆိုတဲ့ ၂၀၁၀ က စလို့ တိုင်းရင်းသားပြည်သူများရဲ့ လိုလားချက် လိုအပ်ချက်တွေကို အစိုးရအနေနဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်မှာပဲ ရခိုင်ပြည်နယ်ကနေ စတင်ခဲ့တဲ့ ပဋိပက္ခနဲ့အတူ လူနည်းစုအခွင့်အရေးကို ရှေ့တန်းတင် ပြောဆိုလာကြပါတယ်။ ဗုဒ္ဓဘာသာဝင်များက လူနည်းစုအပေါ်မှာ အနိုင်ကျင့် နေသယောင် ဝါဒဖြန့်လှုံ့ဆော်မှုတွေ လုပ်ဆောင်လာကြပါတယ်။ 

ဒီဆောင်းပါးမှာ အဓိက ဦးတည်ပြောဆိုလိုတာက နိုင်ငံရေးလုပ်စားသူများအကြောင်း ဖြစ်တဲ့အတွက် လူနည်းစုအခွင့်အရေးအတွက် ဆူပူအကြမ်းဖက် ပဋိပက္ခဖန်တီးလာမှုနဲ့အတူ နိုင်ငံရေးလုပ်စားသူများရဲ့ ရပ်တည်ချက်ကို သိစေချင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီး USDP ပါတီက ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရပေါ်ပေါက်ခဲ့ပါတယ်။ ခိုးဝင်ဘင်္ဂလီတွေက ပဋိပက္ခတွေ ဖန်တီးလာတဲ့အခါမှာတော့ NLD ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစိုးရကပဲ တမင်ဖန်တီးနေသလိုလို လုပ်ကြံဖန်တီးပြီး ပြောဆိုခဲ့ပါတယ်။ ထို့အတူပဲ ၈၈ပွင့်လင်း လူ့အဖွဲ့အစည်းက မင်းကိုနိုင်ဆိုသူကလည်း ပဋိပက္ခတွေကို ဦးသိန်းစိန် အစိုးရက ဖန်တီးပြောဆိုနေသယောက် သူတို့နဲ့ တသားတည်းရှိနေတဲ့ ပြည်ဖျက်မီဒီယာတွေကနေ အစိုးရတစ်ရပ်ကို ထိုးနှက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ 

၂၀၁၁-၂၀၁၂ ရခိုင်ပြည်က စတင်ခဲ့တဲ့ ပဋိပက္ခနဲ့အတူ နိုင်ငံရေးလုပ်စားသူများရဲ့ ရပ်တည်ပြောဆိုချက်မှတ်တမ်းများကို ပြန်လည်လေ့လာကြည့်ရင် စာရေးသူအနေနဲ့ ဖန်တီးရေးသားခြင်း မဟုတ်ကြောင်း သိကြပါလိမ့်မယ်။ အစိုးရကို ထိုးနှက်တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်ကို ရှေ့တန်းတင်ပြီး ပြည်သူတွေကို အသိမှား၊ အမြင်မှားဖြစ်အောင် ဆောင်ရွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

ဒါက နိုင်ငံရေးလှုပ်ရှားသူမဟုတ်ဘဲ နိုင်ငံရေးလုပ်စားသူတွေရဲ့ သဘောမှန်ကို ပြည်သူအများ သိမြင်နားလည်နိုင်စေဖို့ သာဓကအနေနဲ့ ပြဆိုခြင်းဖြစ်ပါတယ်။

တကယ်ဆိုရင် ကျွန်တော်က နိုင်ငံရေးသမားဖြစ်ဖို့ မရည်ရွယ်ပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ ဦးနေမျိုးဝေ၊ ကိုအောင်မျိုးဦး၊ ဦးဝင်ချို၊ ဦးစိုးကြည် တို့က ပြန်လည်ဖော်ထုတ် တင်ပြတိုင်ကြားမှုတွေ လုပ်လာတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင်လည်း နစ်နာသူတွေအတွက် ကူညီဆောင်ရွက်ချင်တဲ့ ဆန္ဒ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော် အဲဒီအချိန်မှာ သတင်းမီဒီယာလောကထဲ ရောက်နေပါပြီ။ လယ်ယာမြေသိမ်းဆည်းခံရမှုများနဲ့ ပတ်သက်လို့ ပြန်လည်ဖော်ထုတ်တဲ့သူတွေမှာ မီဒီယာကဏ္ဍက လိုအပ်နေပါတယ်။ သူတို့နဲ့ ကျွန်တော်က ဆွေးနွေးတိုင်ပင်လို့ ရတယ်။ နစ်နာသူ ကုစားရေးကို ရှေ့တန်းတင်ပြီး ဆောင်ရွက်ခဲ့ကြတယ်။ ကာလအတိုင်းအတာ တစ်ခုအထိ လုပ်ခဲ့ကြပါတယ်။ အဲဒီ လယ်ယာမြေအရေးကိစ္စတွေနောက်ပဲ လိုက်နေလို့ သတင်းတိုက်ကနေ ကျွန်တော် ထွက်ခဲ့ရပါတယ်။ ထွက်ခဲ့ရပေမယ့်လည်း ဦးနေမျိုးဝေနဲ့ လက်တွဲပြီး လယ်ယာမြေအရေးကိစ္စကိုပဲ ဆက်လက်ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီ နောက်မှာမှ ရခိုင်ပြည်နယ်ပဋိပက္ခက ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

လယ်ယာမြေသိမ်းဆည်းခံရသူတွေရဲ့ နစ်နာမှုနဲ့ နိုင်ငံရေးလုပ်စားသူတွေရဲ့ ရပ်တည်ချက်ကိုလည်း သိစေလိုပါတယ်။ အဲဒီ အချိန်တုန်းက လယ်ယာမြေသိမ်းဆည်းခံရမှုများနဲ့ ပတ်သက်လို့ ဦးဆောင်လှုပ်ရှားကြသူတွေမှာ နိုင်ငံရေးသြဇာမရှိဘူး။ ဒါက အမှန်တရားကို ပြောခြင်းပါ။ ပြဿနာတွေက ကြီးလွန်တယ်။ လယ်ယာမြေသိမ်းဆည်းရယူထားသူတွေက ခရိုနီအကြီးစားတွေ ဖြစ်နေတယ်။ အစိုးရတာဝန်ရှိသူတွေ ဆိုတာလည်း ခရိုနီကြီးတွေနဲ့ ပတ်သက်သူတွေ များတယ်။ ဆိုတဲ့ အခါကြတော့ နိုင်ငံရေးသြဇာရှိတဲ့သူတွေရဲ့ ရပ်တည်မှု လိုအပ်ပါတယ်။ ဦးနေမျိုးဝေ၊ ဦးဝင်ချို၊ ဦးစိုးကြည် တို့နဲ့အတူ NLD က ပုဂ္ဂိုလ်တချို့လည်း လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်နေကြပါတယ်။

ရွှေပြည်သာက NLD အမျိုးသမီးတစ်ယောက်ဆိုရင် လယ်ယာမြေသိမ်းဆည်းခံရမှုတွေအတွက် လိုက်လံကူညီဆောင်ရွက်ပေးတယ်။ လယ်သမားတွေရဲ့ နစ်နာမှုတွေကို NLD က ထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ်မှာ ရေးသားဖော်ထုတ်ပေးဖို့ ပေးပို့တဲ့ အခါကြတော့ ဗဟိုက ခိုင်းထားတာ မရှိတဲ့အတွက် ထည့်မပေးဘူး။ အဲဒီအချိန် ဦးနေမျိုးဝေ ရဲ့ ပါတီက လစဉ်ထုတ်နေတဲ့ Diversity စာစဉ်ကို ကျွန်တော် တာဝန်ခံပြီး ရေးနေတဲ့အချိန်မှာ ရွှေပြည်သာ NLD က ဖော်ထုတ်တင်ပြထားတဲ့ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကိုလည်း ဖော်ပြပေးခဲ့ပါတယ်။ သူတို့က စာအုပ်တွေ ပြန်ဝယ်ပြီး ဖြန့်ဝေပေးပါတယ်။

ပြဿနာတွေက ကြီးလာတာနဲ့အမျှ နိုင်ငံရေးအင်အားစုတွေရဲ့ အားက လိုအပ်လာတယ်။ ဦးနေမျိုးဝေနဲ့ ကိုအောင်မျိုးဦး  တိုင်ပင်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်းက ဖြစ်စဉ်အပါအဝင် ရန်ကုန်မြို့နဲ့အနီးတဝိုက်၊ နိုင်ငံအဝှမ်းက လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ ချိတ်ဆက်မိတဲ့ ကိစ္စတွေကို စာအုပ်ထူကြီး ထုတ်ဝေပြီး NLD ပါတီရဲ့ ရပ်တည်မှုကို ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ထံ တင်ပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာက "ကျွန်မတို့က အာဏာရအဖွဲ့အစည်းမဟုတ်တော့ ကူညီမပေးနိုင်ပါဘူး" တဲ့ဗျာ။ တင်ပြသူတွေရဲ့ ရည်ရွယ်ချက် က ပူးပေါင်းကူညီဆောင်ရွက်ဖို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဏာရမှ ကူညီနိုင်မယ်ဆိုတဲ့ သဘောပြောပါတယ်။ ဦးနေမျိုးဝေ၊ ကိုအောင်မျိုးဦး တို့ ရှိနေကြပါသေးတယ်။

အဲဒါဆိုရင် NLD ပါတီ အာဏာရခဲ့တဲ့ (၅)နှစ်တာကာလ လယ်ယာမြေသိမ်းဆည်းခံတဲ့ တောင်သူတွေရဲ့ အရေးကိစ္စတွေကို အလေးထား ဖြေရှင်းဆောင်ရွက်ပေးသွားပါသလား။ ဘယ်ပြဿနာမှ ပြီးပြတ်အောင် ဖြေရှင်းပေးခြင်းမျိုး မရှိခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲနီးမှ လယ်ယာမြေသိမ်းဆည်းခံရမှုတွေ နောက်အစိုးရသက်တမ်းမှာ NLD က ဆောင်ရွက်ပေးတော့မှာဆိုတဲ့ မက်လုံးပေးမှုတွေနဲ့ စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။

ဒါကတော့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေးရှုပြီး နိုင်ငံရေးလှုပ်ရှားသူနဲ့ တိုင်းပြည်နဲ့ လူမျိုးကို ခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်စားသူ ကွဲကွဲပြားပြား နားလည်စေဖို့ သုံးသပ်တင်ပြခြင်း ဖြစ်ပါတယ်။ 


ဆက်လက်ရေးသား ဖော်ပြပါအုံးမည်။

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)