MNP - စက်တင်ဘာ ၂၂
အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လုပ်ငန်းရှင်များ၏ တွေ့ကြုံရသည့် အခက်အခဲများ၊ လိုလားချက်များ အပေါ် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့် လုပ်ငန်းအခက်အခဲများကို အခြေခံ၍ အသေးစား အလတ်စားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းရှင်အားလုံးကို အကျိုးရှိစေမည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်အောင်တို့က သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး အသေးစားအလတ်စားလုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များ တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်ကိုကို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment