မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



MNP - စက်တင်ဘာ ၂၂


၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက် နေ့လယ် ၃ နာရီအချိန်က မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။


ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်မှာ ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရန် ကျင်းပခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီး/ ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိစေရရန် ရည်ရွယ်၍ အခြေခံရှိသော မြို့နယ်(၈)မြို့နယ်အား အခြေခံပညာဦးစီးဌာနနှင့် ပေါင်းစပ်ပြီး လူငယ်အားကစားသမားများအား စခန်းသွင်းလေ့ကျင့်လျက် ရှိပါကြောင်း၊ ပြေးခုန် ပစ်အားကစားနည်းသည် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်အများဆုံးရရှိသည့် အားကစားနည်း တစ်ခုဖြစ်သည့်အပြင် “မြန်မြန်ပြေး ဝေးဝေးပစ် မြင့်မြင့်ခုန်” ဟူသော ဆောင်ပုဒ်အတိုင်း မြန်မြန်ပြေးနိုင်သူ၊ အဝေးဆုံးပစ်နိုင်သူ၊ မြင့်မြင့်ခုန်နိုင်သူများသာ ဆုတံဆိပ်များကို ပိုင်ဆိုင်ရယူနိုင်မည်ဖြစ်ပါကြောင်းနှင့် အားကစားသမားများ အနေဖြင့်လည်း အောင်မြင်သောစိတ်ကို အခြေခံပြီး လုံ့လဝီရိယနှင့် မပြတ်တမ်းအားထုတ်မှု၊ ကြိုးစားသင်ယူမှုနှင့် ကျွမ်းကျင်မှုများကို ပေါင်းစပ်ပြီး  ထူးချွန်ထက်မြက်သော ပြေးခုန်ပစ်အားကစားသမားများဖြစ်လာသည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားကာ၊ ပြေးခုန်ပစ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်၍ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်အဖြစ် အမျိုးသမီးလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၁၅၀၀) ပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ(၄၀၀) ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုအားပေးသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများက  အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၅၀၀)ပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၄၀၀) ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တစ်ဦးချင်း ဆွဲပြား၊ ဆုတံဆိပ်နှင့်ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်ညီညာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)