MNP - စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“မိုးစပါး မျိုးစေ့ထုတ်စံပြကွက်အဖြစ် ယခင်နှစ်က ဧက ၁၅၀ စိုက်ပျိုးခဲ့ပါတယ်။ ဒီနှစ် ရေအလွယ်တကူတင်လို့ရတဲ့ ကျေးရွာတွေမှာ မျိုးစေ့ထုတ်ကွက် ဧက ၂၀၀နဲ့ စံပြကွက် ဧက ၂၀ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေပါတယ်။ မျိုးကောင်း၊ မျိုးသန့်ထုတ်လုပ်ပြီး ဒေသခံတောင်သူတွေ ဖြန့်ဖြူးနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရန် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သမန်းနိုးပေါင်းထိုးခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ ဓာတ်မြေဩဇာအချိန်ကိုက် ထည့်သွင်းသုံးစွဲခြင်း စသည့် စိုက်ပျိုးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးစပါး ဧက ၃၄၀၉၃ စိုက်ပျိုးပြီး မျိုးစေ့ထုတ်ကွက်၊ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စံပြကွက်၊ ပျိုးသက်နုကောက်ကွက်ကြဲစံပြကွက်များ စိုက်ပျိုးကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment