MNP - စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာသင်တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်ထောက်ကူပစ္စည်းများ၊ လက်ကမ်းစာစောင်များနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များပေးအပ်ခဲ့ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ သင်တန်းအားပို့ချရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမင်းမင်းဇော်က ကော်ဖီသီးနှံမျိုးစေ့ပျိုးထောင်ခြင်းနှင့် အပင်ပြုစုစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခိုင်ယဉ်စိုးက ကမက္ကဒေးမီးယား သီးနှံမျိုးစေ့ ပျိုးထောင်စိုက်ပျိုးခြင်းနည်း စနစ်များကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နန်းမိုးခမ်းက ကမက္ကဒေးမီးယားအပင်ပြုစုထိန်းသိမ်းနည်း နည်းပညာများအား ပို့ချခဲ့ကြကြောင်းသိရသည်။ အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ အုပ်ချုပ်စီမံအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment