နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်ဖြင့် ကော်ဖီခြံစိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးခဲ့သည်များကို ပြန်လည်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ရောင်းစားထားသူများမှာ အရာရှိကြီးများ ဖြစ်နေ၍ လုပ်ကိုင်ရခက်ခဲလျှက်ရှိကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ် ၏ လမ်းညွှန်ချက်ဖြင့် ကော်ဖီခြံစိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးခဲ့သည်များကို ပြန်လည်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ရောင်းစားထားသူများမှာ အရာရှိကြီးများ ဖြစ်နေ၍ လုပ်ကိုင်ရခက်ခဲလျှက်ရှိကြောင်း သိရ


MNP ၊ စက်တင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြင်ဦးလွင်မြို့အား Green City, Smart City အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများ စနစ်တကျအသုံးပြုရန်နှင့် အခြားနည်းသုံးစွဲခွင့်ပြုထားခြင်းမရှိဘဲ လယ်ယာမြေများ အခြားနည်းသုံးစွဲခြင်းများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပြီး ကော်ဖီခြံစိုက်ပျိုးလုပ်ကိုင်ခွင့် ချထားပေးသည့် မြေဧရိယာများကို ပြန်လည်စစ်ဆေးဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။


နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ ကော်မတီတစ်ရပ်ဖွဲ့စည်း၍ ကော်ဖီခြံမြေများနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကော်ဖီစိုက်ပျိုးရေးအတွက် ချထားပေးခဲ့သည့် မြေဧရိယာများကို အရောင်းအဝယ်ပြုလုပ်ထားသူများထဲတွင် အစိုးရအရာရာကြီးများ၊ တပ်မတော်အရာရှိများ ပါဝင်နေသဖြင့် စိစစ်ရေးအဖွဲ့အနေဖြင့် လုပ်ရကိုင်ရ အခက်တွေ့နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။


ဒေသခံတစ်ဦးက "နိုင်ငံတော်ဝန်ကြီးချုပ်က ကော်ဖီခြံမြေတွေနဲ့ ပတ်သက်လို့ ပြန်လည်စိစစ်ဖို့ လမ်းညွှန်ခဲ့တာ ရှိတယ်။ စိစစ်ရေးအဖွဲ့ဝင်တွေအနေနဲ့ စိစစ်လိုက်တဲ့ အခါကြတော့ ရောင်းစားထားတဲ့အထဲမှာ အစိုးရအရာရှိကြီးတွေလည်း ပါနေတယ်။ တပ်မတော်အရာရှိကြီးတွေလည်း ပါနေတယ်။ စိစစ်တဲ့ သူတွေအနေနဲ့ လုပ်ရကိုင်ရ ခက်ခဲနေတဲ့ သတင်းကြားနေရပါတယ်။" ဟု ပြောသည်။


အဆိုပါ ဒေသခံက "ဥပဒေနဲ့မညီညွတ်တဲ့ လုပ်ရပ်ကို အစိုးအရာရှိကြီးတွေ၊ တပ်မတော်အရာရှိကြီးတွေ လုပ်ထားတာကို လုပ်ရကိုင်ရ ခက်တယ်ဆိုတော့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်ကို အလေးမထားဘဲ ဥပဒေမဲ့ လုပ်ထားသူတွေကို ကြောက်နေတဲ့ သဘောမျိုးဖြစ်နေတယ်။ အရင်အစိုးရလက်ထက်ကလည်း တောင်သူတွေကို တရားစွဲဆို ထောင်ချတာတွေ လုပ်ခဲ့တယ်။ သူတို့တွေက ဥပဒေမဲ့ လုပ်တာမဟုတ်ဘူး။ သူတို့ နစ်နာမှုအတွက် သူတို့တောင်းဆိုခဲ့တာ။ မရတဲ့ အပြင် ထောင်ထဲအထည့်ခံရတာ။ အခု ဥပဒေမဲ့ လုပ်ထားတဲ့သူတွေက ဘယ်သူတွေဆိုတာ သိနေတာတောင် လုပ်ရကိုင်ရ ခက်တယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ဥပဒေအရ တန်းတူညီမျှ အခွင့်အရေးရှိစေရမည်၊ ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှ ရစေရမည် ဆိုတဲ့ ပြဋ္ဌာန်းချက်က ဥပဒေမဲ့ လုပ်ထားတဲ့ အရာရှိကြီးတွေနဲ့ မသက်ဆိုင်တဲ့ သဘောမျိုး ဖြစ်နေတယ်။" ဟု ပြောသည်။


ပြင်ဦးလွင်မြို့နှင့် အနီးတဝိုက်တွင် နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်၍ လယ်ယာမြေသိမ်းဆည်းရယူမှုများ၊ လယ်ယာမြေပေါ်တွင် အခြားနည်းသုံးစွဲခွင့်မရှိဘဲ ခြံကွက်ရိုက်ရောင်းချနေမှုများ ရှိနေပြီး နစ်နာသူ တောင်သူမျးအနေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်၍ နိုင်ငံတော်အကြီးအကဲများထံ မိမိတို့၏ နစ်နာဆုံးရှုံးမှုများအတွက် တင်ပြခဲ့ကြသော်လည်း ယနေ့တိုင်အောင် ပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်းမရှိသည့် လယ်ယာမြေပြဿနာများလည်း ရှိနေကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)