ဝဏ္ဏ (TGI) - ရေးသားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တတိယမြောက်နေ့ မွန်းလွဲပိုင်းဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) တက္ကသိုလ်၏ ဧည့်ခန်းမဆောင်အတွင်း နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် တက္ကသိုလ်၏ ပါမောက္ခချုပ် Mr.Boris Nikolaevich Korobets ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်နေကြသည်။
မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွင် နိုင်ငံတော်အကြီးအကဲ အပါအဝင် ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)တို့ဖြင့် ဆွေးနွေးပွဲကို သိုက်သိုက် ဝန်းဝန်းဆိုသလို တက်ရောက်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ (FEFU) တက္က သိုလ်ဘက်မှလည်း တက္ကသိုလ်ပါမောက္ခ ချုပ်နှင့်အတူ ဒုတိယပါမောက္ခချုပ် Mr. Evgeny E. VLASOV၊ တက္ကသိုလ်၏ ဌာနအသီးသီးမှ တာဝန်ရှိအကြီးအကဲ များဖြင့် စုံလင်စွာ တက်ရောက် ဆွေးနွေးကြသည်။
မြန်မာနိုင်ငံမှ ပညာတော်သင်များ ဝမ်းမြောက်စွာကြိုဆို
ဆွေးနွေးမှုအစတွင် FEFU တက္က သိုလ်ပါမောက္ခချုပ်က တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံ တကာမှ ပညာတော်သင် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာ သင်ကြားနေမှု၊ (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာ စုံညီအစည်းအဝေး Plenary Session တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအပေါ် သုံးသပ်ထင်မြင်မှု စသည်တို့ကို ဆွေးနွေးပြောကြားသည်။ ပါမောက္ခချုပ်က ဆွေးနွေး ပြောကြားမှုတွင် စားနပ်ရိက္ခာလုံခြုံရေး (Food Security)၏ အရေးပါမှုကို သတိပြုမိစေရန် ထောက်ပြဆွေးနွေး မှုများအပေါ် ချီးကျူးစကားသံများက လွှမ်းမိုးနေသည်။ အကြီးအကဲ၏ အနာဂတ်သို့ လှမ်းမျှော်ဆွေးနွေးမှုကို လေးစားစကားဆိုရင်း ၎င်း၏တက္ကသိုလ်သို့ မြန်မာနိုင်ငံမှ ပညာတော်သင်များ စေလွှတ်တက်ရောက်ပါက ဝမ်းမြောက်စွာ ကြိုဆိုလက်ခံမည့်အကြောင်း ဆွေးနွေးပြောကြားသည်။
အကြီးအကဲအနေဖြင့် FEFU တက္ကသိုလ်၏ ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ် တာဝန်ရှိသူများနှင့် ဆွေးနွေး ခြင်းဖြစ်သည့်အတွက် ပညာရေးကဏ္ဍကိုသာ ဦးတည်သည့် ဆွေးနွေးခြင်းကို ဆောင်ရွက်သည်။ မြန်မာနိုင်ငံမှ ပညာတော်သင်များအား ရုရှားနိုင်ငံ၏ အနောက်ပိုင်းရှိ တက္ကသိုလ်အများ အပြားတွင် စေလွှတ်တက်ရောက်စေ၍ အဆင့်မြင့်ပညာရပ်များ သင်ကြားရေး ဆောင်ရွက်နေမှုကို စတင်ဆွေးနွေးသည်။ ရုရှား - မြန်မာ နှစ်နိုင်ငံပညာရေးကူးလူး ဆက်ဆံမှု အခြေအနေကောင်းများကို ထုတ်ဖော်ဆွေးနွေးခြင်းဖြင့် ပညာရေး အလှမ်းမဝေးသည့် အခြေအနေကို စတင်ဆွေးနွေးသည်။ လက်ရှိ FEFU တက္ကသိုလ်သို့ ဆေးဘက်ဆိုင်ရာဘွဲ့လွန် ပညာရပ်များကို စေလွှတ်တက်ရောက် စေမည်ဟု ပြောကြား၍ FEFU တက္ကသိုလ်နှင့် မြန်မာနိုင်ငံတို့ကြား ပညာရေးကဏ္ဍသစ်ကို စတင်မည့်အခြေ အနေကို ပြောကြားရာ တက္ကသိုလ် ပါမောက္ခချုပ်တို့ဘက်မှ ဝမ်းသာစကားဖြင့် ကြိုဆိုနေကြောင်း တုံ့ပြန်သည်။ နိုင်ငံတော် အကြီးအကဲ အနေဖြင့်လည်း မဝေးသည့်ကာလအတွင်း မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာတော်သင်များ လာရောက် ပညာသင်ကြားကြမည့် အခြေအနေ၊ အမိမြန်မာပြည်ကြီး၏ ကျန်းမာရေးကဏ္ဍအတွက် တစ်ထောင့် တစ်နေရာမှ ပံ့ပိုးပေးနိုင်မည့်အခြေ အနေတို့ကို စဉ်းစားရင်း အတွေးဖြင့်ပင် ကြည်နူးနေမိမည် ထင်ပါသည်။
နွေးထွေးမှုများ လွှမ်းခြုံ
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရှိရင်းစွဲဆက်ဆံရေးနှင့် စီးပွားရေး ကူးလူးဆက်ဆံမှုများကို ထပ်မံတိုးမြှင့်ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်သည့်အတွက် ပညာရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေကောင်းများ အကြောင်းကို ပြောကြားရင်း အကြီးအကဲက ဆွေးနွေးမှုကိုဆက်သည်။ နယ်ပယ်စုံတွင်ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် တင်နေသည့်အခြေအနေကို ဆွေးနွေးကြခြင်းဖြစ်၍ နှစ်ဖက်ဆွေးနွေးမှုများတွင် နွေးထွေးမှုများ လွှမ်းခြုံနေသည်။ အပြန်အလှန် ကူညီဖေးမမှု၊ ပူးပေါင်းဆောင်ရွက် မှုများအတွက်လည်း အသင့်ဖြစ်နေသည်ကို နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ၏ မျက်နှာထက်တွင် အထင်းသားမြင်တွေ့ နိုင်သည်။
ချစ်ခင်ရင်းနှီးမှုကို အခြေခံသည့် ဆွေးနွေးမှုတွင် မြန်မာနိုင်ငံမှ သင်တန်း သား ပညာတော်သင်များ လာရောက် တက်ရောက်စဉ်တွင် တက္ကသိုလ်မှ စီမံဆောင်ရွက်ပေးမည့် အခြေအနေများ၊ FEFU တက္ကသိုလ်နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)တို့ အကြား သဘောတူညီမှုတစ်ရပ်အား မကြာမီလက်မှတ်ရေးထိုးမည့် အခြေအနေများလည်း ပါသည်။ ဆွေးနွေးသည့် အချိန်ကာလ တစ်ခုအတွင်းတွင် ပညာရေး အခြေခံ၍ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ထိရောက်စေခြင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်နိုင်ခြင်း၊ ပညာရေးအား မျှဝေဖလှယ်ခြင်း အားဖြင့် ခေတ်ပညာ တတ်ကျွမ်းမှုကို အဆင့်မြှင့်တင်နိုင်ခြင်း အစရှိသည့် များပြားလှစွာသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်ဟု ထင်မြင်မိသည်။ ၁၈၉၉ ခုနှစ်က စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည့် FEFU တက္ကသိုလ်၏ သင်ကြားပို့ချနေသည့် ပညာရပ်များမှာ များပြားလွန်းလှပြီး မဝေးတော့သည့် ကာလတွင် ၎င်းပညာရပ်များကို မြန်မာ ပညာတော်သင်များက လာရောက် သင်ယူနိုင်ရေး တိုးမြှင့်ဆောင်ရွက်လာနိုင် မည်ဟုလည်း ထင်မြင်ယူဆမိပါသည်။
FEFU တက္ကသိုလ်ပါမောက္ခချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အကြီးအကဲ အနေဖြင့် Primorsky ဒေသအစိုးရအဖွဲ့ အကြီးအကဲ Mr. Oleg Nikolaevich Kozhemyako နှင့် တွေ့ဆုံဆွေးနွေးမှု များကို ဆောင်ရွက်သည်။ တွေ့ဆုံ ဆွေးနွေးမှုဆောင်ရွက်စဉ် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များ စုံလင်စွာ တက်ရောက်ကြပြီး အပြန်အလှန် နှုတ်ဆက်မှုအပြီးတွင် တွေ့ဆုံဆွေးနွေးမှုကို စသည်။
ဆွေးနွေးမှုသည် မကြာမီ အကောင်အထည်ပေါ်လာမည်
တွေ့ဆုံဆွေးနွေးမှုတွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၏ အရှေ့ပိုင်းတွင် တည်ရှိနေသည့် Primorsky ဒေသနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး၊ ပို့ကုန်၊ သွင်းကုန် ကဏ္ဍများ မြှင့်တင်နိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။ ကြီးမားလှသည့် ကုန်တင်ဆိပ်ကမ်းတည်ရှိရာ ဒေသဖြစ်သည့်အတွက် မြန်မာနိုင်ငံအပေါ် ရရှိလာနိုင်မည့် အကျိုးကျေးဇူးကား နည်းမည်မဟုတ်။ အလားတူ မြန်မာနိုင်ငံ၏ ထွက်ကုန်များ သည်လည်း ယခု Primorsky ဒေသနှင့် ရုရှားနိုင်ငံ တစ်နံတစ်လျားတွင် ကျယ်ပြောလှသည့် ဈေးကွက်တစ်ခုအဖြစ် ရောက်လာမည့် အခြေအနေကောင်းဟု ဆိုရမည်ဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုကို အလျင်အမြန် မြှင့်တင်နိုင်ရေးအတွက် ကောင်စစ်ဝန်ချုပ်ရုံးနှင့် Business Centre များ ဖွင့်လှစ်ရန်လိုအပ်မည်ဖြစ်ရာ Primorsky ဒေသဗလာဒီဗော့စတော့ခ် မြို့တွင် အမြန်ဆုံး ဆောင်ရွက်ဖွင့်လှစ် နိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးရာ ဒေသအစိုးရအဖွဲ့မှလည်း ဝမ်းမြောက်စွာကြိုဆို၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးသည်။ ထက်သန်သည့် စိတ်အကြံ ဆွေးနွေးမှုသည် မကြာမီအကောင်အထည် ပေါ်လာလိမ့်မည် ဆိုသည်ကိုလည်း ယုံကြည်မိသည်။
မြန်မာနိုင်ငံမှ ပညာတော်သင်များကို ပညာရပ်ပေါင်းစုံတွင် လာရောက် သင်ကြားနိုင်ရေးနှင့် လာရောက်ချိန်တွင် ဒေသအစိုးရအဖွဲ့မှ ကူညီဆောင်ရွက် ပေးမည့်အခြေအနေ၊ Primorsky ဒေသတွင် ဆောင်ရွက်လျက်ရှိသည့် Children Camp များတွင် မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များ ပါဝင်နိုင်မည့် အခြေအနေများ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ကြသည်။ ဆွေးနွေးမှုတွင် ပါဝင်သည့် Children Camp ဆိုသည်မှာ လူငယ်၊ လူရွယ်များအချင်းချင်း ပညာရပ်များ၊ အသိအမြင်၊ အတွေ့အကြုံများကို ဖလှယ် ဆောင်ရွက်သည့်အစီအစဉ်ဟု သိရသည်။ အနာဂတ်၏ ခေါင်းဆောင်များဟု ရည်ညွှန်းလေ့ရှိသည့် လူငယ်၊ လူရွယ်များ အတွက် စီစဉ်ထားမှုဖြစ်သည့် အတွက် ကောင်းမွန်လှသည့် အစီအစဉ်ဟု ထင်မြင်မိသကဲ့သို့ မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များကို အတွေ့အကြုံကောင်းများ ရယူနိုင်စေရန်အတွက်လည်း မကြာမီ ပူးပေါင်းဆောင်ရွက်လာမည် ဟုလည်း ယုံကြည်မိသည်။
စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကိုလည်း Primorsky ဒေသသို့ လာရောက်လေ့လာ စေလိုမှုအခြေအနေ၊ တိုက်ရိုက်ကုန်သွယ် မှု၊ ငွေကြေးစီစဉ်နိုင်မှုအခြေအနေ စသည် တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။ ပန်းလိုချင် အပင်ပျိုးတတ်မှဟု မြန်မာဆိုရိုးစကားရှိသည်။ ယခုဆွေးနွေးမှုများသည် မြန်မာဟူသော အမိမြေအား ပွင့်လန်း လာစေလိုစိတ်ဖြင့် အပင်တည်းဟူသော ဆွေးနွေးမှုကိုပြုနေ သည်ဟုညွှန်းလျှင် မှားမည်မထင်ပါ။
အကြီးအကဲအပေါ် အလေးအနက်ထား
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)၏ ပြခန်းရှိရာ သို့ သွားရောက်လေ့လာကြသည်။ အဓိကသွားရောက် လေ့လာမည့်နေရာ မှာ Republic of Buryatia ပြည်နယ် ပြခန်းသို့ဖြစ်ပြီး ပြခန်းအရောက်တွင် ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်များကကြိုဆိုသည်။ သာမန် မျှသောကြိုဆိုမှု မဟုတ်။ ဒေသ၏ရိုးရာ အကအလှများဖြင့် ဖျော်ဖြေရင်း ရင်းနှီးနွေးထွေးစွာကြိုဆိုသည်။ ပြခန်းအတွင်း လိုက်လံရှင်းလင်း ပြသမှုကိုလည်း ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ ကိုယ်တိုင်လိုက်ပါ ရှင်းလင်းပြသခြင်းဖြင့် အကြီးအကဲအပေါ် အလေးအနက်ထားမှု ကိုပြသည်။
Republic of Buryatia ပြည်နယ် ပြခန်းအတွင်း ခင်းကျင်းပြသထားမှု ကလည်း မနည်းလှ။ ဒေသရိုးရာအထည် အလိပ်လုပ်ငန်းပြကွက်၊ စက်မှု၊ လက်မှု အနုပညာပြကွက်၊ သစ်နှင့် သစ်တော ထွက်ပစ္စည်းပြကွက် စသည်တို့ပါသည်။ ရိုးရာမပျက်လုပ်ငန်း လုပ်ကိုင်နေမှုနှင့် ခေတ်မီစက်ကိရိယာ အသုံးပြုပြကွက် များဖြစ်၍ မတူညီသောရသကို ပေးနိုင် စွမ်းသည်ဟုထင်သည်။ ဆက်လက်ပြသ သည့်ပြခန်းများတွင် ရဟတ်ယာဉ်ထုတ် လုပ်မှုဆိုင်ရာ ပြကွက်လည်းပါသည်။ အမိမြန်မာနိုင်ငံ၏ ကာကွယ်ရေးလုပ်ငန်းများတွင် သာမက သဘာဝဘေးအန္တရာယ် ကာကွယ်၊ ကူညီရေး လုပ်ငန်းများတွင် အသုံးဝင်သည့် ပြခန်းဖြစ်သည့် အတွက် အကြီးအကဲ၏ စိတ်ပါဝင်စားမှုက ပိုမို သည်။ သိလိုသည့် အကြောင်းအရာ အတွက် မေးခွန်းများလည်း ထုတ်သည်။ ပြည်နယ် အကြီးအကဲနှင့် ပြခန်းတာဝန်ရှိ သူများကလည်း အသေးစိတ်ရှင်းလင်း တင်ပြကြသည်။ အခြားပြခန်းများတွင် ခေတ်မီစက်မှုနည်းပညာများ ပေါင်းစပ်ထားသည့် ကျန်းမာရေး ဝန်ဆောင်မှု ပြကွက်၊ ရိုးရာကျန်းမာရေး ဆိုင်ရာပြကွက်၊ သဘာဝသယံဇာတ တူးဖော်မှုဆိုင်ရာ ပြကွက်များပါသည်။ ပြခန်းတိုင်းတွင် အကြီးအကဲ၏ မေးခွန်း ရှိသလို တာဝန်ရှိသူများကလည်း အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
ပြခန်းများအား လိုက်လံကြည့်ရှုပြီး ချိန်တွင် အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ ဦးဆောင်သည့်အဖွဲ့တို့ ပြခန်းဧည့်ခန်းမဆောင်အတွင်း တွေ့ဆုံဆွေးနွေးသည်။ ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲမှ ပြခန်းသို့ လာရောက် ကြည့်ရှုလေ့လာမှုအပေါ် ကျေးဇူးတင် စကားနှင့် လိုက်လံရှင်းလင်းပြသခွင့် အတွက် ဝမ်းမြောက်မှုကို စတင် ပြောကြားသည်။ ၎င်းဦးဆောင်နေသည့် Buryatia ဒေသ၏ သဘာဝသယံဇာတ ထွက်ရှိမှု၊ မြန်မာနိုင်ငံ၏ အကြီးအကဲ ၎င်း၏ဒေသသို့ ရောက်ရှိလေ့လာချိန်တွင် လိုက်လံရှင်းလင်းတင်ပြမည့် အခြေအနေများကို ဝမ်းမြောက်ဂုဏ်ယူစွာ ဆွေးနွေးသည်။
ဆက်လက် ဆွေးနွေးမှုများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံမှ ဒေသထွက်ကုန်နှင့် ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြင့် ကုန်ပစ္စည်းများအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် Buryatia ပြည်နယ်တို့အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင် မည့်အခြေအနေ၊ အသေးစိတ်ဆွေးနွေး ဆောင်ရွက်သွားမည့် အခြေအနေများကို အသေးစိတ်ဆွေးနွေးကြသည်။ ဆွေးနွေးမှုအား ရင်းနှီးပွင့်လင်းစွာ ဆောင်ရွက်ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေကိုသာ ဦးတည်ဆွေးနွေး ခြင်းဖြစ်၍ ရလဒ်ကောင်းသည်ဟု ဆိုနိုင်သည်။
အမိမြန်မာပြည်အတွက် အကျိုးတစ်စုံတစ်ရာ ရလာနိုင်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ၏ စက်တင်ဘာ ၈ ရက် တစ်နေ့တာဆွေးနွေးမှုများ တွင် သတိပြုမိသည့်အချက်လည်း ရှိသေးသည်။ တွေ့ဆုံဆွေးနွေးခဲ့သည့် Primorsky ဒေသအစိုးရအဖွဲ့ အကြီးအကဲနှင့် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲတို့၏ လွတ်လပ်စွာဆွေးနွေးမှုနှင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ဖွဲ့စည်းမှုမှာ ဖက်ဒရေးရှင်းစနစ်၊ တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ်ကို အခြေခံသည်။ တွေ့ဆုံဆွေးနွေးခဲ့သည့် ဒေသနှင့်ပြည်နယ်တို့မှာ ဗဟိုအစိုးရ၏ လက်အောက်တွင် ဖွဲ့စည်းထားခြင်းဖြစ် သော်လည်း ၎င်းတို့၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာမှာ များပြားလှသည်။ နိုင်ငံ တော်၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ကဏ္ဍနှစ်ခုမှအပ ကျန်သည့်ကဏ္ဍ၊ နယ်ပယ်အားလုံးကို လုပ်ပိုင်ခွင့် အခွင့် အာဏာ အပြည့်အဝပေးအပ်ထားသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် အသုံးတွင်ကျယ်လျက်ရှိသော စကား အားဖြင့်ဆိုရလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည့်ဝစွာ ပေးအပ်ထားသည်ကို သတိပြုမိသည်။ ဤသည်ကပင် အမိမြန်မာပြည်အတွက် အကျိုးတစ်စုံတစ်ရာ ရလာနိုင်သည်ဟု သုံးသပ်ဖော်ပြအပ်ပါသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment