ခရိုင်များတိုးချဲ့ဖွဲ့စည်းထားရာ အဓိကကျသည့် ခရိုင်များတွင်စက်မှုဇုံများ၊ စက်မှုရပ်ကွက်များ ဖော်ဆောင် ပေးရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်များတိုးချဲ့ဖွဲ့စည်းထားရာ အဓိကကျသည့် ခရိုင်များတွင်စက်မှုဇုံများ၊ စက်မှုရပ်ကွက်များ ဖော်ဆောင် ပေးရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား


MNP ၊ စက်တင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာ မိမိတို့နိုင်ငံတွင်ခရိုင်များတိုးချဲ့ဖွဲ့စည်းထားရာ အဓိကကျသည့် ခရိုင်များတွင်စက်မှုဇုံများ၊ စက်မှုရပ်ကွက်များ ဖော်ဆောင် ပေးရန်လိုကြောင်း ထည့်သွင်းပြောကြားသွားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အစည်းအဝေးတစ်ခုဖြစ်ကြောင်း၊ ယခင်ကအကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးမပြုလုပ်နိုင်ခဲ့သော်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို အမြဲမပြတ်မှာကြားခဲ့ခြင်းကြောင့် လုပ်ဆောင်နိုင်သည့် ကိစ္စရပ် များလည်း များစွာရှိခဲ့ကြောင်း၊ ယခင်က SME ဟုအသုံးပြုခဲ့သော်လည်း ယခုအခါ အဓိပ္ပါယ် ပိုမိုလေးနက်စေရေးအတွက် MSME ဟုပြောင်းလဲသတ်မှတ်အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော်ခန့် ပါဝင်လျက်ရှိသည်ကို လေ့လာချက်များအရတွေ့ရှိရကြောင်း။

မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့အစိုးရတာဝန်ယူပြီး နောက်ပိုင်းတွင် မူဝါဒများချမှတ်ဆောင်ရွက်ခဲ့ရာ စီးပွားရေးနှင့်ပတ်သက်၍ ဦးတည် ချက် ၃ ရပ် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ၃ ရပ်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်‌ရေး တို့ပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များမှ တတိယအချက်သည် နိုင်ငံတော်မှပြည်တွင်းစီးပွားရေးကို အားပေးကူညီရန်ဖြစ်ကြောင်း။

MSME လုပ်ငန်းများသည်ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်များကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာ တုန့်ပြန်ပြောင်းလဲနိုင်စွမ်းရှိနေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ကျေးလက်စီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ ပြီးဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုများနှင့် စက်မှုလုပ်ငန်းများသည် ထိရောက်သည့်စီးပွားရေး လုပ်ငန်းများပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း အဓိကသီးနှံများဖြစ် သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် စက်မှုသီးနှံများဖြစ်သည့် ရာဘာ၊ ဝါ၊ ကြံ၊ ဆေးရွက်ကြီး၊ ဂုန်လျှော်နှင့်  တိုင်းရင်းဆေးပစ္စည်းများထုတ်လုပ်သည့် ပရဆေး ပင်များကို စိုက်ပျိုးကြကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင်လည်း အဓိကစားသုံးသော အသားငါးများဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို မွေးမြူကြကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများလည်း များစွာရှိကြောင်း၊ သစ်ပင်သစ်တောထွက်ပစ္စည်းများ၊ ထုံးကျောက်၊ သံမဏိ၊ ကျောက်မီးသွေး၊ အဖိုးတန် ကျောက်မျက်ရတနာများ၊ ခဲမဖြူ၊ အဖြိုက်နက်စသည့် သယံဇာတပစ္စည်း များရှိကြောင်း၊ အဆိုပါ သယံဇာတပစ္စည်းများကို MSME ဖြင့်ဆောင်ရွက်နိုင်မည် ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကကို ဗဟိုပြုသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိက အခန်းကဏ္ဍ၊ လူတစ်ဦးချင်း၏အခန်းကဏ္ဍသည် တိုင်းပြည်တစ်ခု၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ သို့သော် ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် လုပ်ငန်းများ နှင့်  လတ်တလော ပုဂ္ဂလိက ရင်းနှီးမှုလုပ်ဆောင်ရန်အတွက် အင်အားနည်းနေသေးသည့် လုပ်ငန်းများကို မဆုံးရှုံးစေရန်အတွက် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို စီးပွားရေးနှင့်ပတ်သက်၍ အစိုးရမှ အချို့သော အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရမှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း နိုင်ငံ၏အခြေအနေအရ လိုအပ်သည့်အခန်းကဏ္ဍများတွင် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက်နေရဦးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)