ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီး၌ သံဃာအပါး(၅၀၀)တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီး၌ သံဃာအပါး(၅၀၀)တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တက်ရောက်

 



MNP - စက်တင်ဘာ   ၉


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါတွင်းကာလ လပြည့်အဖိတ်နေ့တိုင်း သံဃာအပါး (၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လှူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့သည်။


ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက  လောကာနန္ဒာစေတီတော်အတွင်း၌ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူရန် ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြပြီး အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။ ထို့နောက် စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများ၊ ကျောင်းတိုက် အသီးသီးမှ ရဟန်း၊ သံဃာများ၊ သာမဏေများနှင့် သီလရှင်များက လောကာနန္ဒာစေတီ ပုရဝုဏ်အတွင်းရှိ မဟာဝေယံသာသနာ့ဗိမာန်မှ စတင်ကာ စေတီတော်မြတ်ကြီးအတွင်း လှိုင်ဂူတော်သို့ ကြွရောက်တော်မူကြပြီး ဆွမ်းဆန်တော်များ အလှူခံကြသည်။


ဆွမ်းဆန်တော်လောင်းလှူခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးက “စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလအဖိတ်နေ့တွေမှာ ပြုလုပ်ကြပါတယ်၊ ကျွန်တော်တို့ ဌာနကလည်း ဝန်ထမ်းတွေ စုပေါင်း ပြီးတော့ ဆွမ်းဆန်တော်နဲ့ လူဖွယ်ဝတ္ထုတွေကို လောင်းလှူကြပါတယ်၊ ရဟန်း၊ သံဃာတွေ ဝါတွင်းကာလမှာ ဆွမ်းဝေယာဝိစ္စ အဆင်ပြေစေဖို့ အခုလို စုပေါင်းပြီးတော့ ကုသိုလ်ဒါနပြုလုပ်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်၊ နောက်လာမယ့် လပြည့်ဥပုသ်နေ့မတိုင်မီ အဖိတ်နေ့မှာလည်း စုပေါင်းလောင်းလှူနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။


ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါတွင်းကာလ လပြည့်အဖိတ်နေ့တိုင်း သံဃာအပါး (၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လာမည့်သီတင်းကျွတ်လပြည့် အဖိတ်နေ့တွင် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ပြီး အဆိုပါနေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမကျင်းပမီ ဝါတွင်းကာလ လှူဒါန်းခဲ့မှုများအတွက် ရေစက်ချအမျှပေးဝေခြင်း အခမ်းအနားကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)