MNP - စက်တင်ဘာ ၉
ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လတ်တလောဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲဖြစ်နေသော အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်များ ကို လက်ရှိဒေသဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယခုလို အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ အခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အ ခြေခံစားသုံးကုန်များကို လက်ရှိဒေသဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် လိုအပ်မည့် ငွေပမာဏ၊ ရောင်းချပေးသင့်သည့် အခြေခံစားကုန် အမျိုးအမည်နှင့် အခြားဆောင်ရွက်ရမည့် အစီအမံများကို ပွင့်ပွင့် လင်းလင်းဆွေးနွေးပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က မြို့နယ်အလိုက် အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးအတွက် တပ်မတော်မှ ပံ့ပူးဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ချင်းပြည်နယ်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဆလိုင်းလွှန်ဆဝုန်က မြို့နယ်အလိုက် ဆန်၊ ဆီ၊ ဆား၊ ကြန်သွန်၊ အာလူး၊ ပဲ စသည့် အခြေခံစားကုန်များ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး အတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စာရင်းစစ်ရုံးမှ ပြည်နယ်ဦးစီးမှူးများက အခြေခံစားကုန်များ ဈေးနှုန်း သက်သာစွာ ရောင်းချရာတွင် အသုံးပြုမည့် ရန်ပုံငွေများ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဖြစ်စေရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး တို့က လိုအပ်ချက်များ အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment