MNP - စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ယာကြီးကုန်းကျေးရွာအုပ်စု၊ ယာကြီး ကုန်းကျေးရွာ မဟာမင်္ဂလာစည်တော်ကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများသည် စည်တော်ကျောင်း ဆရာတော်ဘဒ္ဒန္တ သုစိတ္တထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အလှူငွေများထည့်ဝင် လှူဒါန်းခဲ့သည်။ ထို့နောက် အဆိုပါကျောင်းဓမ္မာရုံတွင် ပြည်သူ့လူထုနှင့် တွေ့ဆုံပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က စစ်ကြောင်း(၅)ကြောင်းနှင့် ပတ်သက်၍ လာရောက်ရသည့် ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံရေးစစ်ကြောင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)၊ ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ အဖွဲ့ဝင်(၃)ဦးသိန်းဟန်က ပန်းခင်းစီမံချက်(၂) အကောင်အထည်ဖော်ဆောင်ရွက် နေမှုများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရာတွင် လွယ်ကူလျင်မြန်စေရေး စံသတ်မှတ် (SOP)ပါ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၆)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့် ပညာရေးကဏ္ဍ(၅)ခု ၊ ကျန်းမာရေးကဏ္ဍ(၁)ခု ၊ လမ်းရရှိရေးကဏ္ဍ(၃)ခု ၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် လုပ်ငန်း(၉)ခုအား ဆောင်ရွက်ပေးစေ လိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်း ဖြေကြားဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နိုင်ငံသားစိစစ်ရေးကဒ်ပြား အသစ်ပြုလုပ်သူနှင့် ပျောက်ဆုံးပျက်ဆီးသူ(၁၆)ဦးတို့အား ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များက ကာယကံရှင်များထံ ပေးအပ်ခဲ့သည်။
တစ်ဆက်တည်း အခမ်းအနား တက်ရောက်လာသူ ပြည်သူ လူထု(၃၀၀)ဦးအနက် (၂၁၄)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ယာကြီးကုန်းကျေးရွာသည် မလှိုင်မြို့၏ အနောက် တောင်ဘက် (၁၆)မိုင်ကွာဝေးပြီး အိမ်ခြေ(၂၀၅)၊ အိမ်ထောင်စု(၂၀၆)၊ စုစုပေါင်းလူဦးရေ (၁၀၇၅)ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။
သတင်း - အောင်ဌေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment